Monday, September 27, 2010

Wun Gyee's campaign

ပြည်သူကြားက ပါမောက္ခကြီး
ဂျော်ဒီး
စက်တင်ဘာ ၂၈၊ ၂၀၁၀

“...တို့ ဖွတ်ပါတီက ကြိုက်သလို လုပ်လို့ရတယ်..။ ကင်းမြီးကောက်ထောင်ပဲ စည်းရုံး..စည်းရုံး..။ မရှက်တတ်ရင်.. ကိုယ်တုံးလုံးတောင် ချွတ်စည်းရုံးလို့ ရသေး..။ သွား.. ဈေးထဲ ၀င်သာဝေ...။ ဖွတ်ငမွဲ ပါ တီ လို့ပြောလိုက်...”

(ဖွင့်ဟ ၀န်ခံချက် - ပဲခူးတိုင်းအတွင်းမှ မြင်ကွင်းတခုကို အခြေခံပြီး သရော်ပါသည်။ တိုက်ဆိုင်မှု ရှိလျှင် ထိုသူ့ကို ရည်ရွယ်ပါ၏)

ဒီ နေ့ဖွတ်ငမွဲ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းရမယ်....။ ဖွတ် ငမွဲ စပွန်ဆာ ရထားတဲ့ ဘဘကြီးက နည်းနည်း နောနော အကောင်ကြီး မဟုတ်...။ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ တသီတတန်းကြီး ရထားတဲ့ ပါမောက္ခ ကြီး...။ ဆရာဝန်ကြီး...။ လက်ရှိ အာဏာရ ၀န်ကြီး ကြီး...။ ဒီထက် ကြီးတာ ...ဘာရှိဦး မလဲ...။

ရေးသားပြုစု ထားတဲ့စာအုပ် စာတန်းတွေကလည်း.. တထော ကြီး...။ ဖွတ်ငမွဲတို့တော့ ဖတ်တတ်ပေါင်..။ ဆေးဘက်ဆိုင်ရာ ..စာအုပ်စာတမ်းတွေရော.. ဘိုလိုတောင် ရေးထား ဆိုပဲ..။ ခု ဖွတ်ငမွဲ ဝေပေးရမယ့် မဲဆွယ် စာရွက်တွေထဲမှာ ရေးထားတာပဲ..။ မဖတ်တတ်လည်း ကိစ္စမရှိ..။ ဖွတ် ငမွဲ ကို ဘဘကြီးက ကားတစီး ပေးထားတယ်။

ငွေလား... လိုသလောက် ယူသုံး...။ သူများ မေးရင်တော့သိန်း(၁၀၀) ထက် ပိုမပြောနဲ့လို့ ဘဘကြီးက သေချာ မှာထားတယ်...။ ခုဆို ...ဖွတ်ငမွဲ ခါတိုင်းလို တောက်တက်ဖာယား ချဲနှစ်လုံး ရောင်းစရာ မလို...။ လျော်စရာမရှိ လို့.. ဟိုပြေး ဒီပြေး လုပ်စရာ မလို။ ကားလေးတစီး နဲ့ငွေထုပ်ကြီး ပိုက်ပြီး.. ဘဘကြီး အမျိုးသား လွှတ်တော်ကနေ ၀င် အရွေးခံမယ့် မြို့သုံးမြို့ကို လှည့်ပတ်သွားပေးရုံ..။
+++ ++++

ပြီးခဲ့တဲ့နှစ်တွေထဲက ဘဘကြီး တို့က သြဇာသီး မာလကာသီးတွေ သုံးပြီး... လှူပြီးသား.. တန်းပြီးသား... ပွဲမ၀င်ခင် နေပြည်တော်မှာ ဇာတ်တိုက်ပြီးသား...။ ရွှေဘုံသာလမ်းက ကုလားတွေ လွှင့်ပစ်မယ့် မျက်မှန်တွေ အလကား တောင်းလာပြီး လူထုကို ဝေပြီးသား...။ သရီးဒီဖန်းက နာဂစ်ဒေသကို ပေးထားတဲ့ အလကားရတဲ့ ဆေးစိမ်ခြင်ထောင်တွေကို သူ့မဲဆန္ဒနယ်မှာ စေတနာ အပြည့်နဲ့ လှူထား ပြီးသား...။ ပိုင်တယ်နော်...။ သူ့မဲဆန္ဒနယ် ဇာတိမြို့က ဆေးရုံဆီ ကလေးအထူးကု ဆရာဝန်မကြီးတယောက်ကို ကြိုးတုပ် ခေါ်လာပြီး... ကိုယ်ဝန်ဆောင် မိခင်တွေကို အခမဲ့ ဆေးကုပေးတဲ့ သတင်းကလည်း နိုင်ငံပိုင် သတင်းစာတွေမှာ စာလုံးမည်းကြီးနဲ့ ပါပြီးသား...။

အထူးကု ဆရာဝန်မကြီးမှာလဲ သူ့ဝန်ကြီး ကြောက်လို့သာ လိုက်လာရတယ်၊ ရန်ကုန်က သူ့အထူးကု ဆေးရုံကြီးတွေက ၀င်ငွေတွေ လွတ်ပါဘီ ဆိုတဲ့ စိတ်က ဖိစီးနေတော့ ဒီက လူနာတွေကို ကြည့်သာကြည့်နေရ.. စိတ်က သိပ်မပါ လှ...။

ကိစ္စ မရှိ...။ ဖွတ်ငမွဲဘဘကြီးက ပိုင်ပြီးသားပါဆို..။ မနက် (၄)နာရီ လောက်ကတည်းက မောင်မင်းကြီးသား ရပ်ကွက်လူကြီးတွေ ဆင့်ခေါ်ထားလို့.. .ဆေးရုံ ရှေ့မှာ လာတန်းစီ နေရတဲ့ ဗိုက်တကားကားနဲ့ ကိုယ်ဝန်ဆောင်တွေကို အိုင်အိုဒင်းဆား(၂) ထုပ်စီ ဝေပေးလိုက်တယ်...။

ဒီလောက် စေတနာ ထားတာတောင်..လူတွေများ ပြောပါတယ်... စေတနာနဲ့ မတန်တာ... ‘လာရတဲ့ ဆိုက်ကားခတောင် မကျေဘူး’ တို့... ‘အိပ်ရေးပျက်တယ်’ တို့နဲ့...။ ဟင်းးး ...သိမယ်။ ရွေးကောက်ပွဲ ပြီးလို့ကတော့ နင်တို့တွေကို တို့ဘဘကြီးက လှည့်တောင် မကြည့်ဘူး...မှတ်ထား။ ခု..စေတနာနဲ့ ပေးတုန်း ..ရတာ ယူထား..။ ဂျီး မများနဲ့...။
+++ +++

ကဲ..ကဲ ဒီနေ့တော့... ဖွတ်ငမွဲရဲ့ ဖွတ်တပည့်တပန်း တွေနဲ့.... ဘဘကြီးရဲ့ မဲဆွယ် စာရွက်တွေ ဝေမယ်..။ လူစည်တဲ့ ဈေးထဲ ၀င်ဝေဖို့ ခိုင်းတော့ တပည့်ကျော်တွေက “ဆရာဖွတ်..ဈေးတွေထဲ အလှူငွေ လိုက်ကောက်တဲ့ ဟို..ခွတောင်းပါတီ လို တရားစွဲ ခံနေရဦးမယ်လေ” တဲ့..။

“မင်းတို့ ဒီလောက်တောင် နားမလည်ဘူးလား..။ ငယ်ငယ်တုံးက ကစားဝိုင်းတွေမှာ မဖြစ်လို့ ထည့်ကစားခိုင်းထားရတဲ့သူတွေကို ဂျိုင်းညှပ်တို့ ကွမ်းဖတ်တို့ လို့ခေါ်တာလေ...။ အေး ..အခုလည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်ရာ တားမြစ်ချက်တို့ ဘာတို့ ဆိုတာ.... အဲလို ဂျိုင်းညှပ် ..ကွမ်းဖတ်ပါတီတွေ အတွက်ကွ..။ တို့ဘဘ တို့ ဖွတ်ပါတီက ကြိုက်သလို လုပ်လို့ရတယ်..။ ကင်းမြီးကောက် ထောင်ပဲ စည်းရုံး..စည်းရုံး..။ မရှက်တတ်ရင်.. ကိုယ်တုံးလုံးတောင် ချွတ်စည်းရုံးလို့ ရသေး..။ သွား.. ဈေးထဲ ၀င်သာဝေ...။ ဖွတ်ငမွဲ ပါ တီ လို့ပြောလိုက်...”

ဖွတ်ငမွဲရဲ့ ဖွတ် တပည့်တသိုက် ဈေးထဲကို ကုတ်ချောင်းကုတ်ချောင်း ၀င်သွားရာ... ဆရာဖွတ်က စိတ် သိပ်မချလှ..။ ကိုယ်တိုင် လိုက်ကြည့်ဦးမှလို့ အတွေးပေါက်ပြီး ခပ်လှမ်းလှမ်းမှ လိုက်သွားရာ..။

အောင်မယ်... တယ်ဟုတ် နေပါလား...။ ဈေးသည်တွေ..ဈေးဝယ်တွေ ဖွတ်မဲဆွယ် စာရွက်တွေကို အလု အယက် တောင်းနေကြပါလား...။

ဒါ့ကြောင့် ပြောပါတယ်.. ဘဘတို့ဖွတ်ပါတီက ပိုင်ပြီးသား.. ပြည်သူကြားမှာ ရှိနေတာပါ.. လို့...။ နိုင်ကို နိုင်မှာ သေချာပြီးသား..။ တွေးရင်း အားတက် လာပြီး.. လူအုပ်နားတိုးလာတော့...
“ဟဲ့.. အရမ်းလု ရသလား...ကြားဖြတ် ယူဖို့ မစဉ်းစားနဲ့...”
“ဒီဘက် ကို..၄..၅ ရွက်လောက် ပေးပါဗျို့ ..”
“ဟဲ့...ငါလည်း အကြောတွေ တက်နေလို့... ငါ့လည်း ပေးပါ..ဟ´´
“အေးနော်...ပါမောက္ခ ဆရာဝန်ကြီး ဆိုတော့ စွမ်းမှာ သေချာတယ်..´´
ထိုစဉ်...ဟင်းရွက်သည် အဖွားကြီးတယောက်က..
“ဟယ်...ဒဏ်ကြေဆေး..နမူနာ ကြော်ငြာစာရွက် မှတ်လို့ ယူပါတယ်..။ အထဲမှာ ခါတိုင်းလို ဆေးနမူနာထုပ်လည်း မပါဘူးတော့” လို့ အော်ရင်း ဘဘကြီးရဲ့ မဲဆွယ် လက်ကမ်း စာရွက်လေးကို သူ့ဟင်းရွက်ဗန်း ထဲသို့ ပစ်ထည့်လိုက်လေရာ... ဘဘကြီးရဲ့ ကုပ်ချောင်းချောင်း မျက်နှာလေးနဲ့ မဲဆွယ်စာရွက် ကလေးဟာ ... ကန်စွန်းရွက်စည်းများ ကြားထဲသို့ ဖုတ်ခနဲ ပြုတ်ကျသွားရှာပါလား..။

အခြား.. ၀ိုင်းအုံနေသော လူများမှာလည်း ကြွက်စီ ကြွက်စီ နှင့်
“ဟင်.. ဖွတ် တံဆိပ်ကြီးနဲ့..”
“ဟင်..”
“ဟာ..”
ဖြစ်ကာ လူစု ကွဲသွားလေရာ... ဖွတ်ငမွဲ တယောက် ဒေါသတွေ အလိပ်လိုက် ထလာကာ..
“အမယ်... တို့ဘဘကြီးကို ..ဟင်းရွက် ကန်စွန်း မှတ်နေလား...။ ပါမောက္ခကြီး..ပညာရှင်ကြီး.. ဆရာဝန်ကြီး....ကြီး...ကြီး”
“ဒေါင်..”
လူအုပ်ထဲမှ ပစ်လိုက်သော ခုံဖိနပ်စုတ် တဖက်ဟာ ဖွတ်ငမွဲရဲ့ နဖူးပြောင်ပြောင်သို့ လာရောက် ထိမှန်ပြီး လူအုပ်ထဲမှ အသံ တသံကို နောက်ဆုံးကြားလိုက်ရင်း ဖွတ်ငမွဲ သတိလစ်သွားလေပြီ..။
“ဟေ့... ဘာကောင်ကြီး ဖြစ်ဖြစ် ခြင်္သေ့နဲ့တွဲ..ဖွဲ..။ ဖွတ် နဲ့တွဲ ..မွဲ.. ဟား..ဟား...ဟား”

No comments:

Post a Comment