Friday, December 27, 2013

“ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်မယ်တဲ့ လား..သနားတယ်”



               မိုးမခရွာထိပ် ညောင်ပင်ကြီးအောက်တွင်  မိုးမခရွာသားများ  ကြိတ်ကြိတ်တိုးကာ   တစုံတရာကို တိုးဝှေ့ ကြည့်ရှု  နေကြသည်..။ ရွာတောင်ပိုင်းက  ဆိုက်ကားမာစတာ    ကိုပျာလောင်ကား  သူများတကာလို  တိုးဝှေ့ ရသည်ကို  အားမရသဖြင့်  ညောင်ပင်ကြီးပေါ်တက်ကာ  သစ်ကိုင်းဖျားကို ခိုဆင်းပြီး  ဇောက်ထိုး  အနေအထားဖြင့်ကို သဲကြီးမဲကြီး  ကြည့်နေဧ။်.။ ထိုကဲ့ သို့   ဇောက်ထိုးကြည့်နည်းကို ပင်လယ်ဂိမ်းပွဲတော်တွင်  ဘောလုံးပွဲ လက်မှတ်တိုးရာမှ  ရလာပုံရသည်..။

           ထိုစဉ် ..ဆိုက်ကားမာစတာ  ကိုပျာလောင်ဧ။်   မဟေသီ ..မဒမ်ပျာလောင်တယောက်  အထုပ်တထုပ်ကို ပိုက်ကာ ကျီးကန်းတောင်းမှောက်..ဟိုဒီကြည့်ရင်း  ရွာထိပ် ညောင်ပင်ကြီး ဆီရောက်လာသည်..။

ဆိုက်ကားမာစတာ  ကိုပျာလောင်က    သူ့မဟေသီ ကို   မြင်လိုက်သဖြင့်    ညောင်ကိုင်းထက်မှ  လဒ မျှော်မျှော်ရင်း..
ညောင်နာနာ  လှမ်းအော်လေသည်..။
           
   “ဟေ့...မဒမ်ပျာလောင်.။ ငါ့ကို စိုးရိမ်လို့ လိုက်လာတာလား..။ ငါ..ဒီမှာဟေ့”  

မဒမ်ပျာလောင်ကား...ကိုပျာလောင်ကို  တချက်မော့ကြည့်ရင်း  လက်ထဲမှ အထုပ်ကို ခပ်တင်းတင်းပိုက်လျှက်

“စိတ်ပူစရာလားတော်..။ တော်က..ဒီနေ့ အတွက်..ဆန်ဖိုးတောင်  ရှာမပေးနိုင်တာ..။ တော့်ဖာသာ  ကင်းထိုးထိုး ....။ မြွေကိုက်ကိုက်..။ သစ်ပင်ပေါ်ကပဲ  ဇောက်ထိုးကျကျ..။ ကျုပ်ရှာနေတာ..အပေါင်ဆိုင်က  လော်ပန်ပေါက်ဖော်ကြီး   ကို ရှာနေတာ..။ ထမီ ပေါင်မလို့”

ဆိုက်ကား မာစတာ  ကိုပျာလောင်ကား..မျက်နှာ အတန်ငယ်ညှိုးကာ ..ဈေးဦးမပေါက်သေးသော သူ့ ဆိုက်ကားစုတ်ကလေးကို  တချက် လှမ်းကြည့်ရှာသည်..။ နှုတ်မှလည်း..

           “အေးပါကွာ..။ ငါ ဒီနေ့ ဈေးဦး မပေါက်သေးလို့   ညည်းဖာသာပဲ  ရှာကြံလိုက်ပါဦး..။ ကလေးတွေကော ဆာလို့  ငိုနေကြသလား..။ ဟင်း...လူတွေကလည်း စီးပွါးရေး မကောင်းတော့  ..ဟိုနားဒီနားတောင်  ဆိုက်ကား ကလေးဘာလေး  ငှားမစီးကြတော့ဘူး..။ ခြေလျှင်ပဲ လျှောက်ကြတယ်....။ ငါ့  ..ဆိုက်ကားကလည်း  စက်မှု(၁)က  ရောင်းမရတဲ့  မောင်ဗမာ စက်ဘီးကို  ဘေးတွဲထားတာကြီးမို့   ဘယ်သူမှ  မစီးချင်..။ .လာဘ်ကို မကောင်းပါဘူးလေ...”

           မဒမ်ပျာလောင် အသံကို  ကြားသဖြင့်   ညောင်ပင်အောက်ရှိ..လူအုပ်ကြားမှ အပေါင်ဆိုင်ပိုင်ရှင် ပေါက်ဖော်က  ကွတကွတ  နှင့် ထွက်လာကာ ..မဒမ်ပျာလောင်ဧ။် ထမီထုပ်ကို  ကြည့်ကာ  .“၁၀၀၀..” ဟု  ဈေးဖြတ်ဧ။်..။ မဒမ်ပျာလောင်မှာ မျက်နှာငယ်လေးနှင့်  ..

“ ၅၀၀၀ ..တော့ ပေးပါ လောပန်ရယ်..။ ဆန်ဖိုးဟင်းဖိုး  တင်မကဘူး..။ သမ၀ါယမ အသင်းက  ချေးငွေကလည်း နေ့သွင်း ပျက်လို့ မရလို့ပါ.။ သမ၀ါယမ ချေးငွေက  တနေ့ပျက်ရင် အတိုးပေါ် အတိုးထပ်ဆင့်လို့ပါတော်..။
သမ၀ါယမ လူကြီး  ဦးဆော်ကြမ်းက ..ပေါက်ဖော်ကြီး..လောက်တောင်  မညှာတာပါဘူး..။ စိတ်ရင်းကောင်း မရှိပါဘူး..နော်..နော်..ပေါက်ဖော်ကြီးက  ..သဘောကောင်းပါတယ်နော်..။ ဒီနေ့ အတွက် ကျမ  ၅၀၀၀ရမှ အဆင်ပြေမှာမို့ပါ  ..ပေါက်ဖော်ရယ်..။ ရှစ်ကြီးခိုးပါရဲ့ ...”

ပေါက်ဖော်ကြီးက  မဒမ်ပျာလောင်ဧ။်  ထမီထုပ်ကို  တထည်ချင်းကြည့်ကာ ခေါင်းကို သွက်သွက်ခါယမ်းပြီး

       “အား..ထမီတွေကလည်း ..အီစုတ်တွေ ချည်းပဲ...။ ၅၀၀၀ မီတန်ဘူး..။ ၅၀၀၀ လိုချင်ရင်  တခြား ပစ္စည်း ထပ်ရှာခဲ့ ”

                 မဒမ်ပျာလောင်ကား  ဟိုးနောက်ဖက်..ခပ်လှမ်းလှမ်းမှ  ခြုံဖုတ် တခုထဲတွင်  ထိုးထည့်ခဲ့သော ဒန်အိုးပိန်ပိန်ကလေးကို    ပြန်ယူပြီး ပေးလေဧ။်..။

ဒန်အိုး ပိန်ကလေးကား  မဒမ်ပျာလောင်တို့ အိမ်ရဲ့  တလုံးတည်းသော ထမင်းအိုးလေးပင်.. ။ ဒီဒန်အိုး လေး မရှိလျင် လောလောဆည်..ထမင်းချက်စရာ  အိုးမရှိ..။ သို့သော်..ထမင်းချက်စရာ အိုးမရှိတာက   လမ်းဘေးဆိုင်က ထမင်းဖြူလေး ၀ယ်စားလို့ ရသေးသည်..။ သမ၀ါယမ ချေးငွေ  နေ့သွင်း မဆပ်နိုင်က  အကြီးအကျယ် ဒုက္ခရောက်နိုင်သည်..။

တကယ်တော့  မဒမ်ပျာလောင် တို့လို  အလုပ်လက်မဲ့   ဆင်းရဲသားတွေ အဖို့  အပေါင်ပစ္စည်းမရှိပဲ  ချေးငွေ ထုပ်ပေးမည်  ..ဆိုသော သတင်းကို  ကြားကာစက မယုံ..။

                သူတို့လို ဆင်းရဲသားတွေကို  ဆင်းရဲနွမ်းပါးမှု လျှော့ချ ပေးဖို့  ချေးငွေ တွေ  ဘုံးပေါလအော ပေးမည်လို့ ရွာထောင်စု သမ၀ါယမ လူကြီး  ဦးဆော်ကြမ်းကပြောတော့..မဒမ်ပျာလောင်တို့မှာ ဘိုးဘိုးအောင်
အချွန်နဲ့   လာမ..သလိုလို..။ ဦးဆော်ကြမ်းကတော့  ဆင်းရဲသားနွမ်းပါးမှု  တိုက်ဖျက်ရေး  ကြွေးကြော်သံဖြင့် ရွာထောင်စု လွှတ်တော်တွင်  ဘတ်ဂျက်တွေ တိုးတောင်းလိုတောင်း..။ ဟို..ရွာနီးချင်း စိနရွာက  အတိုးကြီးချေးငွေတွေလှမ်းမျှော်လို ..မျှော်..။ သူ့ခမျာ..သူ့ရွာသူရွာသားတွေ ဆင်းရဲနွမ်းပါး  နေသည်ကို  မကြည့်ရက်နိုင်ရှာလို့..နည်းမျိုးစုံ ကြိုးစားရှာသည်..လို့   ဦးဆော်ကြမ်းကို  ရွာသားငမွဲ တွေက  ကျေးဇူးတွေ  တင်လို့ မဆုံး..။

         အခုတော့  ကျောချမှ  ဓါးမြမှန်းသိရသည်..။
ငွေချေးယူမည့် သူများမှာ  အလုပ်အကိုင်ရှိရှိ မရှိရှိ.။ ၀ိုင်းကြီးချုပ် စနစ်နှင့်  ၅ယောက်တ၀ိုင်း ကို ငွေ  တသိန်းခွဲ စတင် ထုတ်ချေးသည်..။ တဦးကို (၃၀၀၀၀)ကျပ် ရမည်..။ သို့သော်..သမ၀ါယမအသင်းသား  မှတ်ပုံတင်စာအုပ်လုပ်ဖို့  (၃၀၀၀)ကျပ် စဖြတ်လိုက်ရာ..တဦးလျှင် ၂၇၀၀၀ကျပ် သာ  လက်ထဲ ကျန်ရှာတော့ဧ။်....။ နေ့စဉ် တနေ့ (၆၀၀)ကျပ်ကို ပုံမှန်ပေးသွင်းရမည်..။ ရက်(၆၀)ပြည့်လျင်    ချေးငွေ ပြန်သွင်းငွေ   (၃၆၀၀၀)ကျပ်ကို   သမ၀ါယမက အပွခွါရသွားတော့ဧ။်..။ သူတို့ ပေးသော မှတ်ပုံတင် စာအုပ်ကလေးများ ထဲတွင် နေ့စဉ်သွင်းငွေ (၆၀၀)ကျပ်ကို
ဒီလို ခွဲရေးပေးထားသည်..။
ငွေရင်းဆပ်ငွေက (၅၀၀)ကျပ်..။ အတိုးငွေ(၃၀)ကျပ်..။ စုဆောင်းငွေ(၇၀)ကျပ်..။

                  ဒီတော့  ငွေ(၁၀၀)ကို တလ အတိုး (၃)ကျပ် နှုန်းပေးရသည်..။   ခက်သည်က  ..စုဆောင်းငွေ (၇၀)ကျပ်..။  ထို စုဆောင်းငွေကို  ၂လပြည့်လို့  ပြန်ထုတ်ချင်သော် လွယ်လွယ်နှင့် မရ..။ တနှစ်ပြည့်မှ  စုငွေတွေ  ထုတ်ပေးမလိုလို..။ ဒါတောင်  ..မရေရာ..။
အသင်းဝင်တွေရဲ့  သာရေးနာရေး တွေ အတွက်  ထောက်ပံ့ငွေအဖြစ်  စုဆောင်းထားသလိုလို..။ ၂လပြည့်လျှင် တဦးကို    ချေးငွေ (၄၅၀၀၀)ကျပ်  တိုးပေး မည် ပြောသည်..။
 ချေးငွေ (၄၅၀၀၀)အတွက်  နေ့စဉ်သွင်းငွေက  လည်း အချိုးကျ တက်သွားမည်..။ သည်မှ  နောက် (၂)လပြည့်လျှင် ချေးငွေကို ထပ်တိုးတိုး ပေးသွားမည်..ဆိုသည့်  မက်လုံးနှင့်..မို့ မရှိဆင်းရဲသူများ အလုအယက်    ငွေချေးကြသည်..။
 တကယ်တော့...သူတို့ အတွက်က  အတိုးကြီးသည်ကို.. စုငွေဖြတ်သည် ကို  .. မတွက်အား..။
လောလောဆည်သုံးဖို့ ငွေကို  လက်ထဲ ရောက်လာဖို့ပဲ အရေးကြီးရှာသည်..။
     
         ထိုချေးငွေသည်. အလုပ်အကိုင်အတွ က်  အရင်းအနှီး ပြုလုပ်ရန် ဆိုသော်ငြား..အလုပ်အကိုင်မရှိ..။
ရှိသော အလုပ်အကိုင် အခွင့်အလန်းများကလည်း.. အခြေမခိုင်..။ သို့နှင့်  နောက်ဆုံးတွင်  အတိုးကြီးနှင့် မရေရာသောစုဆောင်းငွေ ဒဏ်ကြောင့်  မဒမ်ပျာလောင်တို့လို  ထမီပေါင်..ဒန်အိုးပေါင် ဖြစ်ကြရသည်..။
နေ့သွင်း ပြန်မဆပ်လို့ကား  ပြေးစရာမြေမရှိ..။ ၀ိုင်းကြီးချုပ်စနစ်ကြောင့်  အချင်းချင်းက  ချုပ်နှောင်သလို..။

ရွာထောင်စု သမ၀ါယမ လူကြီး   ဦးဆော်ကြမ်းကိုယ်တိုင် စီမံဖန်တီးထားသော  ချစ်တီးငွေချေး စီမံကိန်းမို့..ရွာအာဏာပိုင်များကလည်း  ချုပ်မည် ဖမ်းမည်..တကဲကဲ..။

နောက်ဆုံးတော့  ဆင်းရဲနွမ်းပါး ရာကနေ  ဆင်းရဲမွဲတေ သည့် ဘ၀သို့သာ ရောက်ကြရတော့လေသည်..။

           ပေါက်ဖော်ကြီး ဆီကလည်း   အပေါင်ပစ္စည်း နှင့် ငွေချေးတာတောင်  ငွေ(၁၀၀)ကို (၂၀)ကျပ်လောက် အတိုးကြီး ယူလေသည်..။
မတတ်နိုင်..။ နောင်ခါလာ  နောင်ခါဈေး..။ မရွေးနိုင် အတိုးမဆပ်နိုင်လို့  ထမီစုတ်နှင့် ဒန်အိုး ဆုံးလိုက  ဆုံး..။
လောလောဆည်  ငွေပေါ်မည်..။ ကလေးတွေ  ထမင်းဆာလို့ ငိုနေသံ  ခန တိတ်သွားမည်.....။ သည်လို အတွေးနှင့်  မဒမ်ပျာလောင် ငွေချေးသည်..။

သို့သော်....ဆင်းရဲတွင်းက  တက်မရအောင် နက်လှသည့် သူတို့  ဘ၀ကိုတွေးကာ...ခေါင်းငိုက်စိုက် ချလျှက်..။ စိတ်ဓါတ်တွေ  အ၀ီစိငရဲ အထိ ကျလျှက်..။      

             ဆိုက်ကား မနင်း..ဟင်းစားမရှာပဲ..ရွာထိပ်ညောင်ပင်ကြီးပေါ်မှ  ဇောက်ထိုးမိုးမျှော် လေဖမ်းဝါးရမ်းနာ နေသူ  သူ့လင်..ကိုပျာလောင်ကိုလည်း ကျိန်ဆဲလိုက်သည်..။  ကိုပျာလောင်တို့ တသိုက်ကား  ကြွက်စီကြွက်စီ နှင့်  တိုးဝှေ့ ကြည့်နေကြတုန်း..။

             ထိုစဉ်..ရွာဂံတော်သမဒကြီးရဲ့   ပြောရေးဆိုခွင့်ရှိသူ..အထူးအာဏာရ   ပြန်ကြားရေး ဆယ်အိမ်ခေါင်း   ဦးဘဲကျွတ်တယောက်  ရွာထိပ် ညောင်ပင်ကြီးအောက်မှ  လူစုစု ဆီ  ရောက်လာသည်..။  

ထူးခြားအခြေအနေဆိုလျှင် ပွဲဆူအောင်  သူတို့  ပြန်ကြားရေး  ဆယ်အိမ်ခေါင်းတွေက  တပ်လှန့်ရဦးမည်..လေ။ အနားရောက်တော့ အတွေးတမျိုးပေါက်သွားသည်..။  

   “ လူတွေ  ဒီလောက်ကြိတ်ကြိတ်တိုး နေရင်..ပင်လယ်ဂိမ်းပွဲတော်ဘောလုံးပွဲ  လက်မှတ် မှောင်ခိုဈေးကွက် ဖြစ်လာဦး မှာပဲ..။ iငါ့အတွက်..လက်မှတ်ခွဲတမ်းလေး ဘာလေး  ချန်ထားကြရဲ့ လားဟေ့  ..”

             ဆယ်အိမ်ခေါင်း ဦးဘဲကျွတ်က  လူအုပ်ဆီ  အပြေးလာရင်း  လောဘဇော တက်လေသည်..။ သူ့လို  ရွာဂံတော်သမဒကြီးရဲ့  ပြောရေးဆိုခွင့်ရှိသူ  အထူးအာဏာရ  ပြန်ကြားရေးဆယ်အိမ်ခေါင်း မျိုးကိုမှ  လက်မှတ်
ခွဲတမ်း ချန်မထားလျှင် ရာဇ၀င်ရော ပထ၀ီပါ  ရိုင်းသွားပေလိမ့်မည်..။  ဦးဘဲကျွတ်  လူအုပ် အနီး အရောက်တွင်..လူအုပ်ကြီးထဲမှ  အသံမျိုးစုံကို စတင်ကြားရလေသည်..။

                “ ဟာ..တို့ ရွာထောင်စု အစိုးရ မင်းများ  တယ် ..သနားစရာ ကောင်းပါလားကွာ”

“ အေးလေ...ဒါနဲ့  များ  ..ရွာထောင်စု သမဒကြီးက  တို့ပြည်သူတွေ ကို ဆင်းရဲ နွမ်းပါးမှု လျှော့ချ ပေးဦးမယ်တဲ့ ..။ သူ့ ရွာထောင်စု  အစိုးရ၀န်ကြီးဌာနတွေကို  အရင်..ဆင်းရဲနွမ်းပါးမှု လျှော့ချရမှာကွ..”

          “ တို့ ပြည်သူတွေက  ဆင်းရဲ တယ် ဆိုပေမဲ့ ..သူတို့ လောက် အကြွေး  မများပါဘူးနော်”

     ရွာသားများ  စုပြုံ တိုးဝှေ့   ဖတ်ရှုနေသော သင်ပုန်းကြီး တွင်....ရွာထောင်စု ၀န်ကြီးဌာနများမှ ရွာဂံတော်သို့ ပေးသွင်းရန် ကြွေးကျန်များ  ဟူသော  အကြွေးစာရင်းကြီးကို   .. ဦးဘဲကျွတ် မြင်လိုက်ရာ  ..

“ ဟိုက်..ငါတို့ ပြန်ကြားရေး ၀န်ကြီး ဌာနက ထိပ်ဆုံးကပါလား..။ အမြန်..လစ်မှ..။ အရှက်ကွဲနေဦးမယ်”

             ဦးဘဲကျွတ်တယောက် ကသောကမျောပြေးရသည့် အဖြစ်ကို  အစအဆုံးကို  မြင်လိုက်သော  မဒမ်ပျာလောင်တယောက်  အရမ်း    စိတ်ဝင်စားလာ ကာ..။ ကိုပျာလောင်တို့ ၀ိုင်းအုံကြည့်နေသော  လူအုပ်အတွင်းတိုးဝှေ့ကာ  ကြည့်လိုက်ပြီးနောက် ...ခနအကြာတွင်...၀မ်းသာအားရ အော်လိုက်လေသည်..။

             “ ကိုပျာလောင်ရေ...ကျုပ်တို့  ဆင်းရဲတယ် ဆိုတာ  ဘာဟုတ်သေးတုန်းတော့....။ .ရွာထောင်စု ၀န်ကြီးတွေလောက် ...အကြွေးမထူသေးဘူး..တော်”



No comments:

Post a Comment