Thursday, January 9, 2014

“မိုးမခရွာသားလေးများဧ။် နေပူတော်သွားတောလား”

မိုးမခ ဒီဇင်ဘာ ကျောင်းပိတ်ရက် ရောက်တော့မည်..။ မိုးမခရွာသား ကလေးငယ်များ သည် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် လေ့လာရေးခရီးတခု ထွက်ရန်ကြိုတင် ပြင်ဆင်နေကြသည်..။ သူတို့ အားလုံးရဲ့  သဘောတူ ဆုံးဖြတ်ချက်အရ.. နေပူတော်သို့  သွားရောက် လေ့လာကြမည်..။နေပူတော်ကား...ယခင်က ရွှေပြည်တော် အဖြစ် သမိုင်းဝင်ခဲ့ သည်..။ရွာနီးချုပ်စပ် ရွာတွေကြားမှာ မျက်နှာပန်းလှလှ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့ ဖူးသည်..။ဒီ့ အတွက် အားလုံးက သူတို့ရဲ့  ရှေးဟောင်း ရွှေပြည်တော်ကြီးကို လွမ်းဆွတ်စွာ အလွမ်းပြေ လေ့လာရေးသွားကြရန်..ဒီ.ခရီးစဉ်ကို စိတ်ဝင်စားကြသည်..။သို့သော် ..သွားလေသူ နေပူတော်ရွာ မင်းတြားကြီးတို့ အဖွဲ့ က နေပူတော်ရွာကို ၂၀၀၈လမ်းမကြီးမှသာ သွားရန် လမ်းပျောက်မြေပုံ နှင့်တကွ အမိန့်ထုတ်ပြန်ထားလေသည်..။အနှီ .. ၂၀၀၈.လမ်းမကြီးကား..အန္တရာယ်ကြီးလှသည် ဟု လည်း သတင်း ကြီးနေသည်..။ထောင်ချောက်များ..၊သားရဲ တွင်းများ..မကောင်းဆိုးဝါးများ ထူပြောလှသည့် ၂၀၀၈ လမ်းမကြီးသည် ခရီးသွားများကို နှိပ်ကွပ်ဖို့ တမင် ရည်ရွယ် ဖောက်လုပ်ထားသည်ဟူသတတ်..။ ဒါ့ကြောင့် သူတို့ ကလေးတွေ အတွက် သွားရေးလာရေး အဆင်မှပြေပါ့မလားလို့  ဆောင်းသဇင်က ပူပင်သည်..။ခရီးစဉ်အတွက် လိုအပ်သမျှကို ဆောင်းသဇင်က ညွှန်ကြားသည်..။မိုးမခရွာ ယုံကန်ဆေးရုံကြီး အနီးတွင် နေထိုင်သော အီကြာအော် ကလည်း အလွန် သရဲကြောက်တတ်ရာ..၂၀၀၈လမ်းသွား လမ်းမကြီး အကြောင်း ကို တွေးတွေးပြီး ကျောခြမ်းနေလေသည်..။နောက်ဆုံးတော့ အားလုံးထဲတွင် အရေးကြုံလျှင် ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင် ပြေးတတ်သူ ..မောင်ရစ်နှင့်.ဂျက်လီကဲ့ သို့ လျှင်မြန်ဖျတ်လတ်သူ ဇာနည်ဝင်း တို့ကို ခရီးစဉ်လေ့လာရေး အတွက် ရှေးဦးကြိုတင်စေလွှတ်ရန် သဘောတူလိုက်လေသည်..။ စောငို၊ ကူမိုးကြိုး၊ ဖိုးထက် နှင့် ဂျော်ဒီးတို့ မိန်းကလေးတသိုက်သည် မိုးမခရွာထိပ်ညောင်ပင်ကြီး အောက်မှ လေ့လာရေး အကြိုခရီးစဉ်သွား သူရဲကောင်း နှစ်ယောက်ကို ဦးထုပ်ကလေးများ ချွတ်ပြီး ရင်ဘတ်တွင် ကပ် အလေးပြုကာ ကျန်ခဲ့ကြသည်..။သူတို့ ခရီးစဉ် အဆင်ပြေ ချောမောစေရန် လဲ ဆုတွေ တောင်းကြဧ။်..။သူတို့ခရီးစဉ် အဆင်ပြေမှ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် နေပူတော်ရွာသို့  သူတို့ အားလုံး လေ့လာရေး သွားနိုင်မည် မဟုတ်ပါလား..။နေပူတော်ရွာရှိ ဂျီးတော်ကိုလည်း သူတို့အားလုံး တွေ့ လိုကြသည် လေ..။ +++ ++++ ++++ ++++ နေပူတော် ရွာသွား ၂၀၀၈ လမ်းမကြီးကား ထောင်ချောက် ခလုတ်ကန်သင်း အပြည့်ပင်..။ ခရီးသွားများကို အချိန်မရွေး ဒုက္ခပေးနိုင် သည်..။တချို့ က ဒီလမ်းမကြီးကို အစအဆုံး အသစ်ပြန်ဖောက်ချင် သည်..။တချို့ ကတော့ နေပူတော်တိုင်းမ် သတင်းစာတွေထဲမှာ မကြာမကြာ ဖတ်ရသော စည်ပင်သာယာ့ လက်စွဲ ထပ်ပိုး ကတ္တရာလမ်း တွေလို ဟိုဖာသည်ထေး ပြုပြင်ထားသော အဖာတရာ...လမ်းမျိုးလောက် သာ ပြုပြင်စေချင်သည်..။လူတော်တော်များများက ဒီလမ်းမကြီးကို စဖောက်ကတည်းက မကြိုက်ကြ..။ မိုးမခရွာသား ကလေးနှစ်ယောက်ကား ၂၀၀၈လမ်းမကြီး ရဲ့  အန္တရာယ်ကို လဲ တွေးကြောက်ကာ မဖြတ်လို...။ထို့ကြောင့် အရိပ်အခြေ ကြည့်ရန် ၂၀၀၈လမ်းမကြီး အနီး.ရစ်သီ ရစ်သီ လုပ်နေကြစဉ်.. “ ငြိမ်းချမ်းရေးနဲ့  ပါမစ်နဲ့  လဲဒယ်” ဟူသော အသံနက်ကြီးကို ကြားလိုက်ရလေသည်..။မောင်ရစ်ကား အသံကြားရုံနှင့် လှည့်ပြေးမည် ကြံဧ။်..။ ဇာနည်ဝင်းက အတင်းဆွဲထားကာ.. “အီကြာအော် ..ပြောတဲ့  နာနာဘာဝ မကောင်းဆိုးဝါးတွေလား မသိ” ဟု အသံတုန်တုန်နှင့် ပြောလေသည်..။ သေချာ ကြည့်လိုက်တော့မှ လက်ထဲတွင်..ကားပါမစ်..။လှည်းပါမစ်.။ ကန်စွန်းရွက် ပါမစ်..။ ငပိရည်ပါမစ်..။ဒန်အိုးဒန်ခွက် ပါမစ်..။အီးပါမစ်..။သေးပါမစ်..ပါမကျန် အကုန် ကိုင်ထားသော ၀န်မင်းတဦးကိုတွေ့ ရသည်..။သူကား.. နေပူတော်ရွာသို့ ၀င်ဖို့ချောင်းနေသောသကောင့်သားများကို ၂၀၀၈ လမ်းမကြီး အ၀င်ဝမှ စောင့်ပြီး ကျုံးသွင်း..ထူးခတ်ရန် ဆင်ကြံကြံ နေသော ငြိမ်းချမ်းရေး လုပ်စား ၀န်မင်း..ဦးကြောင်ပျင်း ပင်တည်း..။ သူ့နောက်က တင်းကုပ်ကြီးတွင်ကား “ နေပူတော် ငပိစင်တာ”ဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထားသည်..။ဆိုင်းဘုတ်ကြီး အောက်တွင် ကား “ငပိစင်တာ..တို့တာဝန်အရေး လေးပါး” ..ဆိုသော ဆောင်ပုဒ်ကားချပ်ကြီးကို တွေ့ သဖြင့် မိုးမခရွာသားကလေး နှစ်ယောက်က စာလုံးပေါင်းကာ အော်ဖတ် လိုက်ကြသည်..။ “ ရွာတွင်းစစ် အဓွန့်ရှည် တည်တံ့ရေး...တို့အရေး” “ငြိမ်းချမ်းရေးရံပုံငွေများ...အိတ်ကပ်ထဲထဲ့ ရေး..တို့ အရေး” “စားဖား အချင်းချင်း...စည်းလုံးညီညွတ်ရေး..တို့အရေး” “စားဖားအသစ်ကလေး များ. .. မွေးမြူသိမ်းသွင်းရေး...တို့အရေး” အနှီ ဆောင်ပုဒ်များရေးထားသော နေပူတော် ငပိစင်တာ အနီးတွင်ကား လူတစု..က ၀ိုင်းအုံကာ..သူတို့တွင် ရှိရှိသမျှ အတွင်းခံဘောင်းဘီပါ မကျန် ချွတ်ပြီး ဘာဘာညာညာ..ပါမစ်များ...ဟိုဟိုဒီဒီ လုပ်ပိုင်ခွင့်နှင့် လဲသူက လဲနေကြဧ။်..။ပါမစ်နှင့် အရှက် ကိုတောင် လဲဝံ့သူများပင်တည်း..။အံ့သြဖွယ် ကောင်းလေစွ..။ ထိုစဉ် ဇာနည်ဝင်းက အလန့်တကြား ထအော်လေဧ။်..။ “ဟို..မှာ...ဘာကောင်ကြီးတွေလဲ..မသိဘူးကွ..။တို့ကို အတောင်ကြီးတွေ လှုပ်လှုပ်ပြနေတာ..။ကြောက်စရာကြီး” ၂၀၀၈လမ်းမကြီး ထိပ်တွင် အဆင်သင့် စောင့်ကြိုနေသော ၀န်မင်းနောက် တဦးက “ မကြောက်ပါနဲ့  ကွ..။အဲဒါ နေပူတော်ရွာ ရဲ့  ပင်လယ်ဂိမ်းပွဲတော် လာဘ်ခေါ်တဲ့  ဇီးကွက် ရုပ်ကြီးတွေပါကွ..။မင်းတို့လို ဖွတ်ကလိဒင်္ဂါး မကပ်တဲ့ ကလေးတွေကို ဘာမှ မလုပ်ပါဘူးကွာ..။ရွာဂံခြားက လာမဲ့  သူတွေဆီကပဲ ခွါယူမှာပါ..။မင်းတို့ မမြင်ဖူးဘူးလား..။စိနပြည်က လာတဲ့  လာဘ်ခေါ် ကြောင်ရုပ်ကလေးတွေလိုလေ..။လာဘ်လာဘတွေကို လက်ကလေး တဖက် လှုပ်လှုပ်ပြီး ခေါ်နေတာ..။တို့ နေပူတော်ပင်လယ်ဂိမ်းပွဲတော်က ကြောင်ထက် သာတဲ့  ဇီးကွက်နဲ့  လာဘ်ခေါ်တာကွ..။ဇီးကွက်တောင် မှ..နှစ်ကောင်..။လာသမျှဧည့်သည်တွေဆီက ဒေါ်လာတွေကို ခွါယူဖို့  ရည်ရွယ် ထားတာ..။ဒါပေမဲ့  အခု ၀င်ပြိုင်မဲ့  အားကစားအဖွဲ့ တွေကလဲ တဖြုတ်ဖြုတ် ထွက်ကုန်ကြတယ်..။ဒီတော့ ဧည့်သည်တွေက ထင်သလောက် လာမဲ့  ပုံမပေါ်လို့ ..။ငါ့ ရဲ့  ပညာရေးဝန်ကြီး ဌာနက ဆရာဆရာမတွေ ကျောင်းသားတွေကိုပဲ လက်နိုင်ကျင့်ပြီး အရှက်မကွဲအောင် ပွဲခင်းထဲ သွင်းဖို့ စီစဉ်ထားရတယ်.” ထို ၀န်မင်းကြီးကို မောင်ရစ်က သေချာကြည့်ပြီး “ ဦးက နေပူတော်ရွာရဲ့  ပညာရေးဝန်ကြီးလား..။အဲလိုဆို အကြံလေး တခုလောက် ပေးပါရစေ..။ဦးတို့ ပညာရေး စနစ်မှာ အစိုးရကျောင်းတွေက တကယ်တတ်အောင် ထိရောက်အောင် မသင်နိုင်မဲ့  အတူတူ အစိုးရကျောင်းတွေကို အပြီးတိုင် ဖျက်သိမ်းဖို့ အကြံပေးပါရစေ” ပညာရေး ၀န်ကြီး ဆိုသူကြီးက မောင်ရစ်ကို ခြေဆုံးခေါင်းဆုံး သေချာကြည့်ကာ “မင်း..ကြည့်ရတာ ..နဖူးရည်ဒူးရေက ရွာဂံတော် သမဒ အကြံပေး ဖြစ်နိုင်တယ်..။ရွာထောင်စု လွှတ်တော်ရေးရာကော်မတီ တခုခု ရဲ့  အကြံပေးလဲ ဖြစ်နိုင်တယ်..။မင်းကိုလဲ အကြံပေးတနေရာရာ ခန့်ဖို့ ပြောပေးမယ်..။အဲလို ပြောပေးဖို့ မင်းတို့မှာ ရှိတဲ့  ပိုင်ဆိုင်မှုတွေနဲ့ တို့ဆီက တခုခုနဲ့  လဲရမယ်..။ဥပမာ..မင်းတို့ရဲ့  ယုံကြည်ချက်နဲ့  ပဲကြီးလှော်နဲ့ ..လဲတာမျိုး..။ဘယ်လိုလဲ” “ဗျာ..ကျနော်တို့မှာ ပိုင်ဆိုင်တဲ့  ယုံကြည်ချက် တွေနဲ့ လဲရမယ်..ဟုတ်လား..။လာဟေ့ ..ဇာနည်ဝင်းရေ..။နောက်ကျတဲ့  ခြေထောက် ..သစ္စာဖောက်လို့  သဘောထားပြီး ပြေးကြစို့..” “ လစ်ဟေ့..။အဲဒီကောင်ကြီးတွေလဲ ဂျိုမပါတဲ့  မကောင်းဆိုးဝါးကြီးတွေ.ပဲ.။တို့ကို ဂုတ်ချိုးစားမှာ သေချာတယ်..။အီကြာအော် ပြောတဲ့  နာနာဘာဝတွေ ထက် ဆိုးလောက်တယ်..” မိုးမခရွာသားလေး နှစ်ယောက်မှာ ဖနောင့်နဲ့  နောက်စေ့ တသားတည်းကျအောင် အသားရော အရိုးပါကုန်အောင်.. ပြေးခဲ့ ကြရာ..နေပူတော်ရွာ ၂၀၀၈ လမ်းမကြီးနှင့် မလှမ်းမကမ်း..လမ်းခုလတ်ရှိ ညောင်ညိုပင်ကြီး တပင်အောက်သို့ ရောက်လာကြသည်..။ဇာနည်ဝင်းက မောမောဖြင့် ချောင်းတဟွတ်ဟွတ် ဆိုးရင်း.. “အဟွတ်..အဟွတ်....၂၀၀၈လမ်းမကြီးပေါ်များ ရောက်ရင် ဘယ်လောက် ကြောက်စရာကောင်း မယ်မသိ..။အ၀င်ဝ လမ်းခုလတ်ပဲ ရှိသေးတယ်..အဟွတ်..” “ ဒါ..လမ်းခုလတ်မဟုတ်ဘူးကွဲ့..။လမ်းခွဲ..လမ်းခွဲ...။၂၀၀၈လမ်းမနဲ့  ညောင်ညိုပင်စခန်းက လမ်းခွဲထွက်မဲ့  လမ်းခွဲကွဲ့ ..ကလေးတို့ ရဲ့ ” ထိုသို့ ပြောလိုက်သူကား ဆံပင်ဖြူဖြူ အင်္ကျီပြာပြာဖြင့် ခရီးသွားအဖိုးအိုတဦးပင်တည်း..။ အဖိုးအိုကားဝန်ထုပ်ဝန်ပိုး တနင့်တပိုးကြီးကို ထမ်းကာ ၂၀၀၈လမ်းမကြီးကို လမ်းခွဲသွေဖယ်ပြီး ခရီးဆက်ဖို့ပြင်နေလေသည်..။မိုးမခရွာသားလေး နှစ်ဦးကား လေးပင်လှသောဝန်များ ကို ထမ်းနေရသော အဖိုးအိုကို များစွာ စာနာ အားပေးကူညီ လိုကြရာ...အဖိုးအို ဆီမှ ၀န်ထုပ်များကို ကူထမ်းဖို့ပြင်ကြလေသည်..။ “အဖိုး ..ပေး..ပေး..။ကျနော်တို့လည်း ကူထမ်းပါ့မယ်..။ဒါနဲ့  အဖိုးကကော နေပူတော်ရွာကိုပဲ သွားမှာလား။အဖိုးနံမယ်ကော သိပါရစေခင်ဗျာ” “အေးလကွာ..။ဒီ ၀န်တွေက မင်းတို့လဲ ကူ ထမ်းရမဲ့  ၀န်တွေပဲလေ....။ရော့ ..ရော့..။အဖိုးနံမယ်ကတော့ ဦးဟံသာဝတီ..တဲ့” “ဒါနဲ့ ...အဖိုးက နေပူတော်ရွာကို ၂၀၀၈လမ်းမကြီးက မသွားဘူးလား..။တခြားလမ်းကကော နေပူတော်ရွာကို ရောက်တယ်လား..” “အဖိုးကတော့ နေပူတော်ရွာကို သိပ် မသွားချင်ပါဘူးကွာ..။နေပူတော်ရွာကို သွားဖို့ ခရီးသွားတွေ အတွက်..အန္တရာယ်များတဲ့  ၂၀၀၈ လမ်းမကြီးကို တမင် သူတို့ဖောက်ထားကြတာလေ..။ဒါပေမဲ့ .. လမ်းကြမ်းပေမဲ့  မကောင်းဆိုးဝါးတွေ မဖျက်ဆီး မမြူဆွယ်နိုင်တဲ့  လမ်းတလမ်းတော့ရှိတယ်..။ လမ်းနံမယ်က ခေတ်လမ်း တဲ့..။အဖိုးတော့ ဒီခေတ်လမ်းကပဲ ဒီခေတ်ဝန်တွေကို ထမ်းပြီး မငြီးမငြူ သွားမယ်..။နေပူတော်ရွာကို ခနတော့ ဖြတ်ရမယ်..။အဲဒီကနေ ရှေးဟောင်း ရွှေပြည်တော်ရွာရဲ့  အရိပ်အငွေ့တွေကို ပြန်ရှာမယ်..။မင်းတို့လို ကလေးတွေ အတွက် ရွှေပြည်တော် ရွာသစ်တည်ဖို့ အတွေ့ အကြုံတွေ ယူတတ်ရင် ရမယ်...။မင်းတို့လိုက်ချင်လဲ လိုက်ခဲ့ကြ..။အဖိုးကတော့ ၂၀၀၈လမ်းမကြီးကို ညောင်ညိုပင်စခန်းက လမ်းခွဲပြီး သွားဖို့ ဆုံးဖြတ်ထားပြီ” မိုးမခရွာသားလေးနှစ်ဦးကား.. အဖိုးဟံသာဝတီနှင့် အတူ အဖိုးဦးဆောင်သော လမ်းအတိုင်း ခရီးဆက်ကြရန် ဆုံးဖြတ်လိုက်ကြသည်..။ +++++++++++++++++ နေပူတော်ရွာက လူသူကင်းမဲ့ လှသော်လည်း လျှပ်စစ်မီးများကား ထိန်ထိန်ညီးလျှက်..။မိုးမခရွာနဲ့  တော့ ကွာလှချည့်..ဟု မိုးမခရွာသားလေးများက တွေးမိလေသည်..။ အဖိုး ဦးဟံသာနောက်မှ မိုးမခရွာသားလေး နှစ်ယောက်ကား..နေပူတော်ရွာစဉ်တလျှောက် ဟိုဒီကြည့်ရင်း လျှောက်လာကာ..လမ်းဘေးဝဲယာ တလျှောက်မှ မီးထိန်ထိန်လင်းနေသော ဆိုင်းဘုတ်ကြီးများကို စာလုံးပေါင်းကာ အော်ဖတ်လာကြဧ။်။ “ နေပူတော် ကြိုင်လုံးရွှေ အငြိမ့်..။မင်းသမီး ကြိုင်လုံး ရွှေ..။လူရွှင်တော်များ...အဖြစ် ရွာထောင်စုဝန်ကြီးများ မှ ပရိသတ် အပေါင်းကို မပြုံးပဲ နဲ့  ၀ါးလုံးကွဲ ရီရသော ပြက်လုံးများဖြင့် အသုံးတော်ခံပါမည်” မိုးမခရွာသားလေးများ နှင့်အတူ ချီတက်လာသော ဘဘဦးဟံသာဝတီ က နားကြားပြင်းကတ်သွားပုံရကာ “အေး...ပရိသတ်ကတော့ ဒင်းတို့ ပြက်လုံးတွေကြောင့် ဒင်းတို့ကို..၀ါးရင်းတုတ်နဲ့ ကို ၀ါးလုံးကွဲအောင် ဆော်လဘန်တေချင်နေပြီကွ” မိုးမခရွာသားလေးနှစ်ယောက် ကား ဆိုင်းဘုတ်များကို အော်ဖတ်လို့ကို မဆုံးနိုင်ပေ..။ “ နေပူတော် သမဒလူကြမ်း အဖွဲ့ ...။ခရိုနီ ခရိုနက်များ ဧ။် ဘ၀လုံခြုံရေး စီးပွါးရေး များကို အထူးကာကွယ်ပေးရေး ဌာနချုပ်” “နေပူတော် စီးပွါးရေး အကုန်ပိုင် ကုမ်ပဏီ လီမိတက်။သာသနာပိုင်မြေ..လယ်ယာမြေ ..အိမ်ခြံမြေ..ရှိရှိသမျှ တနိုင်ငံလုံးက မြေများ ပစ္စည်းများ လုပ်ပိုင်ခွင့်များ မတရားသိမ်းဆည်းရေး ဌာနချုပ်” “ နေပူတော် ရွာထောင်စု ပုလိပ်ဌာန..။ပုဒ်မ (၁၈) ပုဒ်မ (၁၄၄)(၅၀၅) များဖြင့် ကူညီပါရစေ” “နေပူတော် လူ့အခွင့်အရေးချိုးဖောက် ဖိနှိပ်မှု အဖွဲ့..။အပြစ်မဲ့သူများကို သံခြေကျဉ်း ခတ်ခြင်းဖြင့် လည်း ရွာသူရွာသားများဧ။် လူ့အခွင့်အရေးများကို အပြည့်အ၀ ရုပ်ပျက်ဆင်းပျက် လုံခြုံမှု ပေးသည်” “ဂျိုကုပ်ဖင်တွန့် ဦးစီးသော နေပူတော် မူလလက်ဟောင်း ထောက်လှမ်းရေး အေဂျင်စီ.။ အိမ်သာ ကြိုအိမ်သာကြား မကျန် သတင်းအတိုအစ များ အားလုံးရစေရန် ကွန်ယက်များ ဖြန့်ကျက်ထားသည်..။ အကျန်တွေလည်း.. မဟားဒယား ပေးချင်နေပါသည်..။နိုင်ငံရေး လုံးဝ...လုံးဝ...လုံးဝ ကင်းရှင်းကြောင်း အာမခံပါသည်” “သမခွါချ ၀န်ကြီးဌာနမှ.. ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွက် လက်လုပ်လက်စားများအား အတိုးနှုန်းကြီးကြီး ဖြင့် နေ့ပြန်တိုး ချေးသည်..။ပြန်မဆပ်နိုင်သူများ အတွက် ထမိန်စုတ် ..ဒန်အိုးစုတ်..တိုလီမုတ်စ အပေါင်ခံသည်..။” မိုးမခရွာသားကလေး နှစ်ယောက်ကား နေပူတော်မှ ဆိုင်းဘုတ်များကို ဖတ်ရင်း မူးနောက်ယိုင်ခွေလာကြသည်..။အဖိုး ဦးဟံသာခမျာလည်း ခေါင်းတယမ်းယမ်း စိတ်မသက်မသာ..။ ++++ ++++ ++++ မကြာမီ လူစည်ကားသော နေပူတော် ဈေးအတွင်းသို့ ရောက်ရှိလာရာ သူတို့ တွေ့ လိုသော ဂျီးဒေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ ရလေသည်..။ဂျီးတော်ကား နေပူတော် ဈေးကြီးအတွင်းတွင် မုန့်ဟင်းခါးဆိုင် ဖွင့်ကာ အသက်မွေးနေလေ သည်..။ဂျီးဒေါ်က သူ့ဆိုင်မှ နေပူတော်တခွင် အလွန်သတင်း ကြီးနေသော အထူးစပါယ်ရှယ် နေပူတော်မုန့်ဟင်းခါးနှင့် ဧည့်ခံဧ။်..။သူတို့ သုံေးယာက်လဲ ဗိုက်ဆာဆာ နှင့် ဂျီးဒေါ်ဧ။် နေပူတော်စတိုင် မုန့်ဟင်းခါး စားရန်ပြင်ကြဧ။်။ ထိုစဉ် မောင်ရစ်က အလန့်တကြား ထအော်ဧ။်..။ “ဟာ..ဂျီးဒေါ်ရဲ့  မုန့်ဟင်းခါး ကလဲ...ခရမ်းချဉ်သီး တွေ ထည့်ချက်ထားတယ်..” ဇာနည်ဝင်းက ဟုတ်မဟုတ် အသေအချာကြည့်ရင်း “ဟုတ်တယ်ဟ..မုန့်ဟင်းခါးနဲ့  ခရမ်းချဉ်သီး ဘာဆိုင်လို့လဲ..။ဘုန်းကြီးနဲ့  ဘီးလိုပါလား” အဘ ဦးဟံသာက စူးစူးစမ်းစမ်း ကြည့်ရင်း..ဆက်မစား..။ဂျီးဒေါ်ကို ဘယ်လိုလဲ ..ဟု မေးသယောင်ပြုဧ။်။ ဂျီးဒေါ်ကား ခပ်ပြုံးပြုံးပင်..ပြန်ဖြေဧ။်..။ “ဒါ..နေပူတော် စတိုင် မုန့်ဟင်းခါးလေ..။နေပူတော်မှာ မုန့်ဟင်းခါး ဆိုရင် ခရမ်းချဉ်သီး အစိတ်သားတော့ မပါ မဖြစ် ထည့်ရတယ်..။နေပူတော် အခြေခံဥပဒေအရ မုန့်ဟင်းခါး မှန်သမျှကို ခရမ်းချဉ်သီးက ဦးဆောင်မှု ကဏ္ဍ ယူထားတယ်..” အဘ ဦးဟံသာကား စားလက်စ မုန့်ဟင်းခါး ပန်ကန်ကို ခပ်လှမ်းလှမ်းသို့ တွန်းရွှေ့လိုက်ကာ .. “တော်ပါတော့ ...နေပူတော်စတိုင် မုန့်ဟင်းခါးရယ်..။ဒီ ဟင်းအိုးကို သွန်ပြီးအသစ်သာပြင်ချက်လိုက်ပါတော့.” ဂျီးဒေါ်က ဖြေရှင်းချက် ပေးလေသည်..။ “ ကျမလဲ နေပူတော်ကို ၂၀၀၈လမ်းမက ၀င်လာကာစက ဒီလို မုန့်ဟင်းခါးထဲမှာ ခရမ်းချဉ်သီး အစိတ်သား မဆီမဆိုင် ထည့်ရတာကို မကြိုက်ပါဘူး..။ခရမ်းချဉ်သီး ဖတ်တွေကို ဖယ်ဖို့ ကြိုးစားတာပဲ..။ ကျမတို့အားလုံး ခရမ်းချဉ်သီးကို ခရမ်းချဉ်သီး အရသာအတိုင်းပဲ ကြိုက်တာ...ကိုး..။နေပူတော် မုန့်ဟင်းခါး ကို လဲ အရသာကောင်းအောင် ဘယ်လို ပြင်ချက်ရမလဲ အမြဲတွေးနေတာ..။ဒါပေမဲ့  ခုလောလောဆည်တော့ မုန့်ဟင်းခါးချက်ရာမှာ ခရမ်းချဉ်သီး တွေကို မချန်ထားခဲ့ ပါဘူး..။ဘာလို့လဲ ဆိုတော့ ကျမက ခရမ်းချဉ်သီး တွေကို သံယောဇဉ် ကြီးတယ်လေ..။ဒါကြောင့် ခရမ်းချဉ်သီးတွေကိုလည်း ခရမ်းချဉ်သီး ပီသတဲ့  ဟင်းတခွက် ချက် နိုင်အောင် ကြိုးစားရဦးမယ်..။မုန့်ဟင်းခါးကိုလဲ မုန့်ဟင်းခါး ပီပီသသ ဖြစ်ဖို့ ကြိုးစားပါဦးမယ်..” အဖိုး ဦးဟံသာ ကား နေပူတော်စတိုင် မုန့်ဟင်းခါးကို ပြတ်ပြတ်သားသား ထားရစ်ကာ ခရီးဆက်လေသည်..။မိုးမခ ရွာသားလေး နှစ်ယောက်လဲ အဘ နောက်မှ ထပ်ကြပ်မကွာ လိုက်နိုင်အောင် ကြိုးစားလေသည်..။အဖိုးဦးဟံသာ ဧ။် ပခုံးပေါ်တွင်ကား ခေတ်ဝန်များသည် လေးလံမြဲ..။သို့ရာတွင် အဖိုး ဦးဟံသာဧ။် ဆက်လျှောက် လှမ်းနေသော ခေတ်လမ်းတွင်ကား လမ်းသွားများကို လမ်းမှားအောင် မြူဆွယ်ဖျက်ဆီးမည့် မကောင်းဆိုးဝါး များကို တွေ့ ရမည် မထင်ပေ..။ မိုးမခရွာသားလေးနှစ်ဦးသည်..သူတို့ ရဲ့  ဒီဇင်ဘာ ကျောင်းပိတ်ရက် လေ့လာရေးခရီး အတွက် နေပူတော်ရွာရဲ့  အခြေအနေ အရပ်ရပ်ကို သူငယ်ချင်းများကို ပြန်တင်ပြရဦးမည်..။သူတို့ အားလုံးပါဝင်သော နောက်တကြိမ် နေပူတော်ရွာလေ့လာရေး ခရီးစဉ်တွင်မူ ဂျီးဒေါ် ရဲ့  မုန့်ဟင်းခါးပီပီသသ ကိုပဲ စားရချင် ပါသည်..။ ထိုအချိန်တွင်..ထောင်ချောက်များ မကောင်းဆိုးဝါးများ ပြည့်နေသော ၂၀၀၈ လမ်းမကြီးက မသွားပဲ အဖိုးဦးဟံသာရဲ့  ခေတ်လမ်းမှ ပင် သွားကြဖို့ သူတို့သူငယ်ချင်းများလဲ သဘောတူကြမည် ထင်ပါသည်..။

No comments:

Post a Comment