Sunday, November 30, 2014

အိုဘားမားကို သည်လိုကြိုမယ်

မိုးမခ မိုးမခရွာသား ကလေးငယ်များ..ရွာထိပ်မိုးမခပင်ကြီးအောက်(မိုးမခပင် ဘယ်လောက်ကြီးမကြီးတော့ မသိ..း)တွင် စုရုံး ကြွက်စီနေကြသည်..။ မောင်ရစ်..က “စွမ်းအားရှင်ဘဘကို အမည်မဲကြီး လုပ်ပစ်တာတဲ့ ..။နောက်ဆို မျက်နှာမဲကြီးပါ ဖြစ်အောင် လုပ်မလား မသိဘူးကွ” အင်မတန် အရေးကြီးသယောင် မျက်နှာပေးနှင့် စတင်ဧ။်။ ရန်လိုကျွဲက..အရေးမပါသယောင် မှတ်ချက်ပြုဧ။်..။ “အစတည်းက အမည်ပါမက…တကိုယ်လုံး မဲပြီးသားကြီးများကွာ..။ဘာဆန်းလို့လဲ” မောင်ရစ်က.. “ကြဖွတ်အသံ..လွှတ်တော်အသံ..ဆိုတဲ့  လွှတ်တော်ကြီးကတောင် ..ဒီကိစ္စကို အရေးတကြီး အဆို တင်ပြီး ကန့်ကွက်သူမရှိ…ရှုံ့ ချကြသတဲ့ ” မျက်ရည်လွယ်သော တဲ့ ..စောငိုက တရှုံ့ ရှုံ့ ငိုနေသည်..။ “စောငို..မင်းက ဘာလို့ ငိုတာလဲ ကွ”လို့ မောင်ရင်ငတေက မေးတော့.. စောငို။ ။“ဒေါ်ခင်မျိုးစောင့် ကြည်.ကို သနားလို့ပါကွာ..။ လွှတ်တော်ထဲမှာ..သူ့ မျိုးစောင့်ဥပဒေတို့ ပလီပလာ ပီအာတို့ ထက် အရေးကြီးတဲ့  အဆိုတွေ ပေါ်ပေါ်လာလို့..သူ့ခမျာ အားငယ်ရှာမယ်ကွာ..” အောင်ထက်။ ။“ အော်..ဒါများကွာ..။မငိုနဲ့  တိတ်တိတ်..။သူ့ကို အားပေးမဲ့  မဲဆန္ဒရှင်တွေ ရှိတယ်..။သူတို့ဆန္ဒပြပေးကြမလို့တဲ့ ..။သူတို့ ကိုယ်စားလှယ်ကြီးခမျာ..လွှတ်တော်ကိုယ်စားလှယ်လုပ်ရတာ..အဆဲခံရလွန်းလို့..လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့..ခြိမ့်ခြိမ့်သဲသဲတောင်းဆိုဆန္ဒပြပေးကြမှာတဲ့ ..” “ဘာပဲ ပြောပြောကွာ..။တို့က မျိုးချစ်စိတ်ရှိတဲ့  ကလေးတွေကွ..။ဒီကိစ္စ ငြိမ်ခံလို့ မဖြစ်ဘူး..။မောင်ရစ်..မင်းက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် မြေးဆိုတော့ မျိုးချစ်စိတ်ပိုရှိသင့်တယ်..။မင်း ဦးဆောင်ပြီး တခုခု တုန့်ပြန်သင့်တယ်..” ခင်လွန်းက ခင်မင်သူများကို အဆင်းဘီးတပ်တွန်းတတ်သူပီပီ..ချောဆီထဲ့ကာ မောင်ရစ်ကို ခေါင်းဆောင်တင်ဧ။်..။ ခပ်လှမ်းလှမ်းတွင် ဇယ်ခုတ်နေသော ဂျူနီယာက..ဆတ်ခနဲလှည့်ကြည့်ရင်း.. “ဟုတ်တယ်..။တို့က မျိုးချစ်စိတ်ပို ရှိသင့်တယ်..။မေမေကြီး မြေးတွေလေ..” ဟု ထောက်ခံဧ။်..။ ကျော်ဟုန်းက “ အိုကွာ…မင်းတို့မှ မျိုးချစ်စိတ် ရှိတာ မဟုတ်ပါဘူးကွ..။တို့တွေလဲ အနှစ်(၂၀)ကျော်..ဗိုလ်ဖင်တွန့် ကျေးဇူးနဲ့  မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး..စိတ်ဓါတ်တွေမွေးမြူခံလာရတာပါကွ” လက်သီးလက်မောင်းတန်း ကြွေးကြော်လေသည်..။ ကရင်မလေး ခိုင်မာနဲ့  ကရင်ငါးမူး ဗမာငါးမူး.. ကယ်သွေတို့က..ဂျော်ဒီးနဲ့  ဟေမန်သဇင်ကို လှမ်းခေါ်ရင်း.. “အို..ပြောနေကြာတယ်..။တို့တွေ မျိုးချစ်စိတ်ရှိကြောင်း ပြကြစို့..။လာ…တို့ဘဘစွမ်းကို အမည်မဲလုပ်တဲ့  နိုင်ငံက.. အိုဘားမားကြီးကို ဆန္ဒသွားပြကြစို့” ဂျော်ဒီးက မိုးမခပင်အောက်မှ သူငယ်ချင်းများကို ကြည့်ရင်း..အတူတူ ထမင်းချက်တမ်းကစားနေသော..မိန်းကလေးအုပ်စုမှ…ဇာနည်ဝင်း..၊ဟေမန်သဇင်နှင့် မုန့်ချိုသင်းတို့ကို တီးတိုးပြောလိုက်သည်..။ “သူတို့ မိုးမခပင်ကြီးအောက်မှာ ကစားနေတာက.. တို့တွေလို..ထမင်းချက်တမ်း ကစားရတာလောက်လဲ ပျော်စရာမကောင်းဘူးနော်” အစားမက်သော..မုန့်ချိုသင်းက.. “အေးလေ…စားစရာလဲ ဘာမှ ရှိဘူး” ဟေမန်သဇင်ကတော့ တွေးတွေးဆဆဖြင့် “ဒါပေမဲ့ …ငါလဲ မေမေကြီး မြေးဆိုတော့ မျိုးချစ်စိတ် နဲနဲတော့ ပြသင့်တယ်ထင်တာပဲ…” သို့ နှင့် နောက်ဆုံးတွင်.. မိုးမခပင်ကြီးအောက်မှ ကလေးတသိုက်သည်..အိုဘားမားကြီးအား မျိုးချစ်စိတ်အရင်းခံကာ…ဆန္ဒပြရန်..ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြသည်..။ “ဆန္ဒပြတာကတော့ ဟုတ်ပါပြီ..။ဘာကြွေးကြော်သံတွေ တိုင်ကြမလဲ..” “တိုင်းပြည်ဘဏ္ဍာသူခိုး..…ဒီပဲယင်း လူသတ်တရားခံ…အဓိကရုဏ်းတွေ ဖန်တီးရှင်…စွမ်းအားရှင်ဂိုဏ်းစတား..ဘဘစွမ်း အား..အမည်မဲစာရင်း မှ ပယ်ဖျက်ပေးရေး…တို့အရေး..တို့အရေးပေါ့ဟာ” “အေး..ကောင်းတယ်..။ခက်တာက ဆန္ဒဖော်ထုပ်ရမှာက ကမ္ဘာ့ထိပ်သီး အိုဘားမားကြီးကွ..။ကပျက်ကချော် လုပ်လို့ မဖြစ်ဘူး..။လူရှိန်အောင်..တခုခုတော့ လုပ်မှ..” “ အို..ခန့်ငြားအောင်ဆို..သမတကြီးနဲ့  ၀န်ကြီးတွေ ရှိတယ်လေ..။လွှတ်တော်ထဲက တခဲတနက် ရှုံ့ ချထားတဲ့  လွှတ်တော်နာယကကြီးတွေ နဲ့  အမတ်မင်းတွေလဲ ခေါ်ရမယ်..။သူတို့က ဒီကိစ္စနဲ့  ပတ်သက်ပြီး အတော်မကျေမနပ်ဖြစ်နေတာကွ..” “ဟိုတုန်းက တအိမ်တယောက် မလိုက်မနေရ လူထု အစည်းဝေးပွဲကြီးတွေကို ကျင်းပတတ်တဲ့  ကြဖွတ်ပါတီဝင်တွေကိုလည်း လှည်းနေလှေအောင်း ခွေးဇောင်းမကျန်ခေါ်ရမယ်..။သူတို့က ဒါမျိုး ကျွမ်းကျင်တယ်..” “ အိုဘားမားတော့…ဒီအင်အားတွေ မြင်ရင် အတော် ရှိန်သွားမယ်..” “ကဲကဲ…အချိန်မရှိဘူး..။အမြန်ဆုံးသမတလူကြမ်း အဖွဲ့ ကို ဆန္ဒဖော်ထုပ်ပွဲ ဖိတ်ဖို့…သမတအကြံပေး ပြန်ကြားရေးဝန်.. ဦးဘဲကျွတ်ကို ဖွဘုတ်ကနေ..မတ်စိပို့ ပြီး..ဆက်သွယ်လိုက်မယ်..။သူက တချိန်လုံး ဖွဘုတ်သုံးနေတာ.။.” ပြောပြောဆိုဆို…၀က်မာစတာမောင်ရစ်က ဦးဘဲကျွတ်ထံ မတ်စိပို့လိုက်သည်..။ ဂျရစ်…ဂျရစ်..တိန်(မောင်ရစ်ထံမှ..မတ်စိပို့သံ) တော်ပေးသေးဧ။်..။ခုရက် အိုဘားမား လာမှာမို့ မိုးမခရွာမှာ အင်တာနက်လိုင်းတွေကို ထုံးသုတ်ပြုပြင်ထားသည် ဖြစ်ရာ မိနစ်ပိုင်း အတွင်း ပြန်ကြားရေးဝန် ဦးဘဲကျွတ်ထံမှ မတ်စိပြန်ဝင်လာသည်..။ ဂျကျွတ်..ဂျကျွတ်..တောင်( ဦးဘဲကျွတ်ထံမှ မတ်စိ ပြန်ဝင်သံ) “ ဟေ့..ကလေးတွေ..။မင်းတို့ ပုဒ်မ (၁၈) (၁၉) (၂၀) (၂၁) ဆိုတာ မကြားဖူးဘူးလား..။ဘာ..ဆန္ဒဖော်ထုတ်မှုမှ လုပ်မယ်မကြံနဲ့ ..။ဆွဲစိလိုက်မယ်..။မီဒီယာသမားတွေကို ကြိုက်တဲ့ ပုဒ်မတပ်ပြီး ငါတို့ ဆွဲစိနေတာ.မြင်တယ် မဟုတ်လား..။ဘူး..ထွား..ဟား..ဟား” ( ဂျရစ်..ဂျရစ် ..တိန်) “ ဟာ..ဒီကိစ္စက ခင်ဗျားတို့က တောင် ဦးဆောင်လုပ်ရမှာလေ..။ခင်ဗျားတို့ ပါတီ..ခင်ဗျားတို့ အဖွဲ့ သားတွေကို နမူနာပြဆော်ထားတာ..။ဘဘစွမ်းပြီးရင်..ခင်ဗျားတို့ တသီကြီး လာမှာ..။မဲရုံတင်မကဘူး..။မွဲတောင် သွားဦးမှာ..။ဟို..စာဖတ်နေတဲ့  ဘဘကြီးတို့တမိသားစုလုံးတောင်....ကုန်းကောက်စရာမရှိဖြစ်သွားမှာ..ဗျ..။ကျုပ်တို့က..တိုင်းတပါးနဲ့  ကိုယ့်မိုးမခရွာသားတွေ ကိစ္စမို့ ..မျိုးချစ်စိတ်နဲ့  ကူညီတာ..။ကျုပ်တို့မှာ..မဲစရာဆိုလို့ ဆော့ထားတဲ့  လက်တွေပဲ ရှိတယ်..။ခင်ဗျား မျက်နှာကြီး လာသုတ်လိုက်ရမလား..ကတောက်” (ဂျကျွတ်..ဂျကျွတ်…တောင်) “ ဘာမှ ပြောမနေနဲ့ …စိန်ကောင်းရွှေကောင်း သူတောင်းစားဆက်ဆံရေး ပေါ်လစီကွ…မင်းတို့က ဆေးရိုးသယ်ကန့်လန့်ကန့်လန့် မလုပ်နဲ့ ..။ဟိုက စိတ်ကွက်သွားရင်…အကူအညီတွေ မရပဲ နေမယ်..။လွှတ်တော်ထဲမှာတောင် မင်းတို့ ဒီမိုမယ်တော်ကြီးကို ..အမျိုးသား ရင်ကြားစေ့ရေး ငြိမ်ဆေးကျွေးထားတာ တွေ့ တယ်မို့လား..။ဒါဗြဲ..” ( Network error..) ( Loading……) (No internet connection) မောင်ရစ်ကား…လက်ထဲမှ ကိုင်ထားသော..ဖုန်းကို ဒေါသတကြီး ကိုင်ပေါက်လိုက်သည်..။ မိုးမခရွာသား ကလေး တသိုက်ကား..အကြောင်းစုံကို သိရလျှင်..သိရချင်း လက်သီးလက်မောင်းတန်းကာ ကြွေးကြော်လိုက်လေသည်..။ “ပြည်ပ အားကိုး.. ပုဆိန်ရိုး…အရိုးနင်ပါတီ…သေပါစီ”

No comments:

Post a Comment