Friday, June 12, 2015

ခွင့်ပြုမိန့်မယူပဲ အသက်ရှူလို့

မိုးမခ ဂျော်ဒီး – ခွင့်ပြုမိန့်မယူပဲ အသက်ရှူလို့ ဇူလိုင် ၃၀၊ ၂၀၁၄ ဒီနေ့ အဘစိန် ရင်တွေအတော်ခုန်နေသည်။ ဆံပင်မရှိသော ခေါင်းပြောင်ပြောင်ကို အခါခါ ဖြီးသင်နေသောအဘစိန်ကိုဒီအသက်အရွယ်ကြီး ရောက်ကာမှဓါတ်ရှင်မင်းသမီးတွေ နဲ့  တွေ့ရမှာများ စိတ်လှုပ်ရှားနေရလားလို့ မဒမ်စိန်က မျက်စောင်းထိုးချင်သေးသည်။ ဒင်းဘာမှ မသိ။ တကယ်တော့ ဓါတ်ရှင်မင်းသမီးတွေနဲ့  တွေ့ ရမှာကို စိတ်လှုပ်ရှားနေသည် မဟုတ်။ ဒီနေ့ တွေ့ ရမည့် အနုပညာရှင်တွေက ဟို ဒီမိုမယ်တော်ကြီးကို ဆက်ဆံသလို သူ့ကို ဆက်ဆံရာတွင် သဲသဲမလှုပ်ကြမှာကို စိုးရိမ်နေခြင်းပင်။ဒီမို မယ်တော်ကြီးဘာလုပ်လုပ် အနုပညာရှင်တွေကလည်း သည်းသည်းလှုပ်ဝိုင်းရံထောက်ခံနေသည်ကို မြင်ရတိုင်း အဘစိန်တို့ အဖွဲ့  နေမထိထိုင်မသာ။အဘစိန်တို့ ရွာဂံတော်အစိုးရအဖွဲ့ရဲ့ မရှိတဲ့  သိက္ခာတွေ ကျသည်။ အဘစိန်တို့ အဖွဲ့ မှ ဓါတ်ရှင်ရူး “ဂျပုဆော်ကြမ်း”ဆို ပိုရောဂါတက်နေသည်။ သူ့ခမျာ ဒီမိုမယ်တော်ကြီးအိမ်ထဲ အကြာကြီးနေနေရတာမို့ ဂရုဏာသက်ကြတယ်ဆိုပြီး လူမြင်ကွင်းကို အကြာကြီး မထွက်ပဲ အိမ်တွင်းပုန်းနေကြည့်သည်။ သို့သော် သူပြူတစ်ပြူတစ် လုပ်ကြည့်ရုံနှင့် ဆဲသံဆိုသံတွေ နှင့် ၀ိုင်းဝန်းကောင်းချီးပေးကြပြန်သည် တယ်နားလည်ရခက်သည့် ရွာသူရွာသားတွေပါတကား။ ဒီမိုမယ်တော်ကြီးကိုသာ မေတ္တာတွေ ဖောချင်းသောချင်းပေးနေသည်။တကယ်တော့ဒီလို အခြေအနေမျိုး ရောက်လာအောင် အဘစိန်တို့ လူကြမ်းအဖွဲ့ ရဲ့  ဇာတ်ညွှန်းနဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ကောင်းလွန်းလို့ဆိုတာဘယ်သူမှ ကျေးဇူးတင်ဖော်မရ။ ရှိစေတော့ အခုတော့အချိန်အခါရဲ့ လိုအပ်ချက်အရ ဒီမိုမယ်တော်ကြီးလို ရွာသူချစ်တဲ့  အနုပညာသည်တွေနဲ့  ရင်းရင်းနှီးနှီး တွေ့ ဆုံရမည်။ ဒါပေမဲ့  ရွာသူချဉ်သောအနုပညာရှင်တွေလဲပါ ကောင်းပါမည်။ကိစ္စမရှိသုံးနှစ်ကျော် လေးနှစ်အတွင်း အဘစိန်ကိုယ်တိုင်က ရွာသူ့ချဉ်ဖတ်ဖြစ်လာပြီမို့ ပြသနာမရှိ။ အရေးကြီးသည်က အနုပညာရှင်တွေ နှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကြောင်း မီဒီယာများကတဆင့် ရွာလူထုထံပျံ့ နှံ့ စေရမည်။ ဒီတွေ့ ဆုံမှုကနေ အဘစိန်တို့အတွက် တစုံတရာ အမြတ်ထွက်စေရန် ကြံစည်ရမည်။ဒါနဲ့ အဘစိန်အကြံပေး(၉၆၉)ယောက်ကို ဆက်သွယ်စီစဉ်ဖို့ အကြံတောင်းတော့ ၀ိုင်းဖျက်ကြသည်။ အနုပညာရှင်တွေဆိုတာ ပေါ့သေးသေး မဟုတ်။ သူတို့ လိုချင်တာတွေ စွတ်တောင်းရင် ခက်မယ်ဆိုတာကတမျိုး။ အနုပညာရှင်တွေဆိုတာ တိမ်းလွယ်ယိမ်းလွယ်သည်။ အခုကို ဒီမိုမယ်တော်ကြီးကို သဲသဲလှုပ် ကိုးကွယ် နေကြသည်မို့ အရင်လို ပေါ်လစီဇာတ်လမ်းတွေ၊ သီချင်းတွေ ဆိုခိုင်း ရိုက်ခိုင်းလို့ မရတော့။ပေကပ်ကပ် ဖြစ်နေကြသည်ဆိုတာက တမုံ့ ။ သူတို့ ဘယ်လိုဖျက်ဖျက်အဘစိန်မှာခါတော်မီနောက်တိုး အကြံပေးတွေရှိသည်။သူတို့က အားပေး သည်။သူတို့က နိုင်ဂျံကားပြန် ဒီမိုအတိုက်အခံ(အငြိမ်းစား) ဗဟုသုတဟင်းသိုးအိုးကြီး အဖွဲ့ မှ ဆိုတော့ဒီမိုအတိုက်အခံတို့ဘက်မှ ပျော့ကွက်တွေသိသည်။ ဘယ်သူ့ကို ဘယ်လို နင်းရ နှိုက်ရမည်ကို ကောင်းကောင်းသိသည်။ ခုတလော အရေးအကြောင်းဆို သူတို့ကို ပဲ အားကိုးနေရသည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်စားရသည်လောက် စားရမြိန်သည် မရှိ ။သူတို့က သူတို့ ခြေကုပ်ဌာနချုပ် ငပိစင်တာမှာ စီစဉ်ပေးမည်။ဟိုလူရွှင်တော်ကြီးကလည်းအဘစိန်ကို ကတုံးချင်း ရိုင်းပင်းစွာ စီစဉ်ပေးမည်ဆိုပဲ။ဒီလိုနဲ့ ဒီနေ့အဘစိန်သူတို့နဲ့  တွေ့ မည်။သူတို့ရဲ့  ရွာလူထုအပေါ် သက်ရောက်သည့် အနုပညာမှော်ကို အဘစိန် အသုံးချကြည့်ချင်စမ်းသည်။ခရုမှာလဲ အဆံနှင့်အဘစိန်မှာလည်း ဒလံနှင့်။ +++ +++ ++++ +++ “အဘစိန်အခြေအနေမကောင်းဘူး။အဘစိန်ပွဲကို သတင်းယူမဲ့  မီဒီယာသမားတွေ တီရှပ်တွေ ၀တ်လာကြတယ်” အဘစိန်ရုံး မှလိမ်လည်ဖာထေးပြောရေးဆိုခွင့်ရှိသူအထွေထွေလုပ်သားဦးဘဲကျွတ်ဆီမှ မတ်စိဝင်လာသည်။ “လခွီးမှပဲသူ့ဖာသာ ဘာဝတ်ဝတ်ပေါ့ကွ။သူ့ရို့ ရှိတာ သူတို့ ၀တ်မှာပေါ့။ကိုယ်တုံးလုံးချွတ်လာရင်သာ ရွာဂံတော်သမဒ ကို အကြည်ညိုပျက်စေမှုနဲ့  ဆွဲစိရမှာ” “မဟုတ်ဘူးအဘစိန်။သူတို့ မီဒီယာသမားတွေကို ခုရက်ပိုင်းဖိနှိပ်ပြီးထောင်ဒဏ် နှစ်ရှည်ချတာ တွေကိုမကျေနပ်ကြလို့မီဒီယာဖိနှိပ်မှု ရပ်ဆိုတဲ့  စာတမ်းပါ တီရှပ်တွေနဲ့  သတင်းလာယူတာ” အဘစိန်ကားပြုံးဖြီးဖြီးဖြင့်။ အဘစိန်။ ။အဘစိန်သိသားပဲ။ဒင်းတို့ ဒီလို လုပ်မယ်ဆိုတာသိလို့ ငပိစင်တာထဲကို ကျီးမနိုးခင်ကတည်းက ရောက်နေတာ … ဟဲဟဲဟဲ။ ခရုမှာလဲ အဆံနဲ့ အဘစိန်မှာလဲ ဒလံနဲ့ ပါကွ။ ဟုတ်တယ်နော် … မောင်ဗဟုတို့။ မောင်ဗဟု။ ။မောင်ဗဟုသိသားပဲ။ ဒီလိုတီရှပ်ကမ်ပိန်းတွေ ဆိုတာမောင်ဗဟုတို့ နိုင်ဂျံကားမှာ တုံးကနေ ထိုင်ကောင်း စားကောင်း သောက်ကောင်း လုပ်လာနေကျ။ဒီအကွေ့ ဒီလိုတက်နဲ့  လှော်မယ်ဆိုတာမောင်ဗဟုတို့ လုပ်လာတာတွေပါ။ အခု အဘစိန့်အပြန်လမ်း အတွက်လဲ ငပိစင်တာ နောက်ဖေးမှာ ခွေးတိုးပေါက်ကလေး ဖြဲထားပေးပြီးသား။ ဟီးဟီးဟီး” ထိုစဉ်ဦးဘဲကျွတ်ထံမှ မတ်စိဝင်လာသည်။ “အဘစိန်ရေမရတော့ဘူး။ပြသနာက ပိုကြီးသွားပြီ။အဘစိန်လိုချင်တဲ့ အတိုင်း မဖြစ်တော့ ဘူး။ မီဒီယာသမားတွေက အဘစိန့်သတင်း မယူတော့ဘူးတဲ့ ။ ငပိစင်တာရှေ့ မှာ ပါးစပ်တွေကို ပလာစတာတွေနဲ့  ပိတ်ပြီးကင်မရာတွေရှေ့ ချထားပြီး ထိုင်နေကြတယ် သူတို့အပေါင်းပါတွေကလဲ ဒီဓါတ်ပုံတွေပဲ ရိုက်ပြီး သတင်းလွတ်လပ်ခွင့်မရှိကြောင်း သတင်းလုပ်တော့မယ်တဲ့ ။အဘစိန်ကို ဘယ်သူမှ အရေးလုပ်ပြီး သတင်းမလုပ်တော့ဘူးတဲ့ ” ++++ ++++ ++++ အချိန်တန်လို့ အခမ်းအနားစလိုက်ရပေမဲ့ အဘစိန် စိတ်လက်မကြည်သာ။သူစီစဉ်ထားသည့် အကွက်က ချော်သွားပြီ။ လိုချင်တဲ့  အခြေအနေမရ။ ဒီကြားထဲ ရွာသူချစ်တဲ့  အနုပညာရှင်တွေက လိုချင်တာတွေ စွတ်တောင်းနေသေးသည်။မတတ်နိုင် အဘစိန်လဲ စိတ်ထဲ ရှိတာတွေပြောပလိုက်မည်။ သူတို့တောင်းတိုင်း ဘယ်ပေးနိုင်မလဲ ။ကိုယ့်အိတ်ထဲထဲ့ ဖို့က ပိုအရေးကြီးသည်မဟုတ်လားလို့ စိတ်ထဲက တွေးရင်း တိုးညှင်းပျော့တွဲသော အဘစိန့် မူပိုင်လေကလေးနဲ့  စလိုက်သည်။ “ခင်ဗျားတို့ လိုချင်တာတွေ တော့ ကျနော် အကုန် မဖြည့်ဆည်း မပေးနိုင်ပါဘူး။ဒါပေမဲ့  ကျနော်လုပ်နေကျ ပေါ်လစီအရ တောင်းရမ်းပေးကြည့်ပါမယ်။ဟိုဖက်ရွာက ပေါက်ဖော်ကြီးက ဒါမျိုးဆိုပေးတတ်ပါတယ်။ သူက ကျနော်တို့ကို နှမ်းစိလောက်ပေးပြီးရင် ကျနော်တို့ရှိသမျှ ခွါယူတတ်တဲ့ စေတနာရေစီးကမ်းပြို လိုက်သူကြီးပါ။သူပေးချင်စိတ်ပေါ်လာအောင် ၀ိုင်းဝန်းတောင်းရမ်း … အဲ … ဆုတောင်းပေးကြပါနော်” ရွာသူချစ်သော အနုပညာရှင်များကားမကျေမနပ်။ လေးလံသောစိတ်များဖြင့် ကြိတ်မှိတ် ကျိန်ဆဲ နေရှာသည်။ အဘယ်ကြောင့်ဆိုသော် အပျက်ပျက်နှင့် သူတို့ခမျာ မျောက်ဘ၀ ရောက်ကြရှာဦးတော့မည်။ အဘစိန် ဆန်တောင်းဖို့ … သူတို့ခမျာ မျောက်က ကပြရပေဦးမည်။ အဘစိန်ကားပြောရင်းဆိုရင်း အရှိန်ရလာကာတလက်စထဲ သူနဲ့ သိပ် အစေးမကပ်သယောင်ယောင်ရှိသော ရွာထောင်စုလွှတ်တော်ကြီးကိုပါ ဘလိုင်းကစ်ထဲ့ လိုက်သည်။ “ဒါမျိုးကိစ္စကိုတော့ ရွာထောင်စု လွှတ်တော်ကို အားကိုးလို့ မရပါဘူး။ သူတို့က မျိုးပွားဥပဒေ ပြဌာန်းပြီး ကြက်ခြံတွေဘဲခြံတွေနဲ့  အလုပ်ရှုပ်နေတာလေ။ ရွာထောင်စုဝန်ကြီးကိုယ်တိုင် သားဖောက် မီးနေသည် ကြက်မများအခွင့်အရေး ကာကွယ်နိုင်ဖို့၊ ရက်မပြည့်သေးခင် ထရန်စဖာ မလုပ်ပေးသင့်ကြောင်း၊ ကြက်မများမိခင်ခွင့် ခံစားသင့်ကြောင်း လွှတ်တော်ထဲကိုလာ တင်ပြနေရတာ။ နောက် တရားဥပဒေစိုးမိုးရေးအရ ကြောင်တွေလဲ ရေချိုးပေးနေကြရသေးတယ် …” +++ ++++ ++++ “ဒုံး ဒုံး ဒုံး” ရွာထောင်စု လွှတ်တော်အုတ်ကထကြီးကား ပြောင်တာချင်း အတူတူ တမူးပိုရှူသော အဘစိန်ကို ဒေါသပြင်းစွာ ထွက်လျှက် သူ့လက်ထဲမှ တူကြီးကို တဒုံးဒုံး ထုလေသည် တကယ်ဆို သူထိပ်ပြောင်သလောက်တော့ ငါလဲမျက်နှာပြောင်ပါတယ်ဟု တွေးရင်း အဘစိန်ကို ပြန်နှက်ရန် အချက် ရှာလေသည်။ အဘစိန် နဲ့ သူရဲ့  ရွာထောင်စုဝန်ကြီးတွေကလည်း နွားနို့သောက်မဲ့သူနဲ့ ၊ ငံပြာရည်ချက်မဲ့ သူနဲ့၊ ပါးရိုက် ဘိုက်လှန်တဲ့ သူနဲ့  … ပေါကြောင်ကြောင် မိုက်ကန်းကန်းတွေ မို့ ရွာသားတွေက ဟားတိုက်လှောင်ပြောင် နေကြချိန်။ ဒီလိုအချိန်မှာအဘစိန်ရဲ့  နံမယ်ပျက်နှင့် ကျော်ကြားနေသော သတင်းမီဒီယာဖိနှိပ်မှုများကို ဆွဲဖွပြီး သူ့အတွက် နံမယ်ကောင်းရရန် ဖန်ဖို့ ရွာထောင်စု လွှတ်တော် အုတ်ကထကြီးက အကြံရသည်။ အဘစိန်တို့ မှာ ဒီမီဒီယာဖိနှိပ်မှု ကိစ္စနဲ့  ပတ်သက်ပြီး ကမ္ဘာရွာကြီးကတောင် ၀ိုင်းဝန်း ပစ်တင်ရှုံ့ ချခြင်းကို ခံနေရချိန်မို့ အဆင်းကို ဘီးတပ်ဆီသုတ်ပေး လိုက်ရမည်။ ဒီလို အချင်းချင်း ကူလီကူမာ ဖြစ်နေသဟန် လုပ်ပြီး ရွာသူရွာသားတွေကို မျက်စိလှည့်ဖို့ကလည်း အဘချုပ်ကြီးရဲ့  နည်းဗျူဟာမို့ အဘချုပ်စကားကို မြေ၀ယ်မကျ နားထောင်ရာ ရောက်ဦးမည်။ တချက် ခုတ်ရင် အချက်ပေါင်းများစွာ ပြတ်မည့်ကိစ္စမို့ ရွာထောင်စု လွှတ်တော်အုတ်ကထကြီးက အဘစိန်ထံ အိတ်ဖွင့် အီးမေးလ်တစောင် အမြန်ပို့လိုက်သည်။ “ အဘစိန်ရဲ့ ရွာထောင်စု အစိုးရ အနေနဲ့  မီဒီယာသမားများကို နှစ်ရှည်ထောင်ချခြင်းအစရှိတဲ့ မီဒီယာဖိနှိပ်မှုများကိုပြန်လည်သုံးသပ်ပါရန်” +++ ++++ ++++ အဘစိန်ကားရွာထောင်စု လွှတ်တော်အုတ်ကထရဲ့  အိတ်ဖွင့် အီးမေးလ်ကို တုန့်ပြန်ရန် အကြံထုတ် နေသည်။ သို့သော် ပြောင်နေသောငယ်ထိပ်ကလေးကို လက်နှင့်စမ်းရင်းကိုယ်ပိုင်အကြံထုတ်ခြင်းကို သိပ်မလုပ်ရန် သတိချပ်မိသည်။ ဒီ့အတွက် ရွာဂံတော်သမတအကြံပေး (၉၆၉)ယောက် တောင် ခန့်ထားရသည် မဟုတ်လား။ (၁၀၀၀)ပြည့်အောင် ဆက်ခန့်ရဦးမည်။သူတို့ကို လခပေးဖို့ ကိုယ့်အိတ်ထဲက စိုက်ရတာမှ မဟုတ်တာ။ ရွာသူ့ဘဏ္ဍာတွေ ရှိသည်လေ။ အရေးတခါပေါ်လျှင် အကြံပေးတဖွဲ့  ခန့်ပစ်လိုက်မည်။ အခု ကမ္ဘာက အာရုံစိုက်သည့် မီဒီယာ ဖိနှိပ်မှု အရေးကိုတော့ ဒီအရေး ကျွမ်းကျင်သူ ငပိစင်တာမှ မြန်မာငပိဖော်ဆောင်ရေးအဖွဲ့ ဝန်ကြီးနဲ့  အနားပြာ မောင်ဗဟုတို့ကို တိုင်ပင်ရမည်။ အဘစိန်။ ။ကဲအကြံပေးတို့ မီဒီယာအရေး ဘယ်လိုလေးများ ဆောင်ရွက်သင့်သတုံးအကြံပေးပါဦး။ မောင်ဗဟု။ ။ ဟာအဘ ဒီကောင်တွေတော့ ဘာဖြစ်ဖြစ် မညှာသင့်ဘူး။ဒီကောင်တွေက ကျနော်တို့ မဟုတ်မဟပ်လုပ်တတ်တဲ့ အကြောင်း အူမချီးခါး သိထားတော့ ပြန်မလှန်နိုင်အောင်ကို ဆော်လဘန်တေ သင့်ကြောင်းပါ။ ရတဲ့ ပုဒ်မနဲ့ ဆွဲပြီး နှစ်ရှည် ထောင်ထဲသာ ပို့လိုက်ပါ။ ငပိဝန်ကြီး။ ။ဒီကောင်တွေ ကြားထဲသွေးခွဲသပ်လျှိုဖို့တော့ ကျနော်မျိုးကြီး တာဝန်ထားပါဟဲဟဲ။ ပါမစ်မျိုးစုံ ရှိတယ်။ဒီကောင်တွေက လာမဲ့  ၂၀၁၅အတွက်လဲ အန္တရာယ်ကြီးတယ်။ကျနော်မျိုးကြီးတို့နဲ့  ယှဉ်ပြိုင် ရွေးကောက်ပွဲဝင်မဲ့  အတိုက်အခံတွေ ထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။နလံ မထူနိုင်အောင် ဖိနှိပ်ထားသင့်ပါတယ်” အဘစိန်။ ။ကဲဒါဖြင့်ပြည်ထဲရေးဝန်မင်းဒီကိစ္စကို ခပ်တင်းတင်းလေး ရှင်းလိုက်စေ။ ကျုပ်လဲ တောင်စဉ်ရေမရ အဓိပ္ဗါယ် အခွခွထွက်မဲ့  အချက်(၄) ချက် (၅)ချက်လောက်ရှာပြီး အိတ်ဖွင့်အီးမေးလ် ပြန်ပို့ချင်တယ်။ မိန့်ခွန်းရေးအကြံပေးတို့ စိတ်ကူးတည့်ရာ စကားလုံးကောင်းလေးများကို ဆီသုတ်ပြီး ရေးပေးကြပါ။ +++ ++++ ++++ ပြည်ထဲရေးဝန်။ ။ တပည့်တို့မီဒီယာသမားတွေကို ပုဒ်ထီး ပုဒ်မ အမျိုးမျိုး ပြပြီး သင်းကွပ်ကြစို့။ ရွာထောင်စု ကူညီပါရစေမှူးကြီး။ ။ဆရာဟိုနေ့က မီဒီယာသမားတွေလား။ အဘစိန်ပွဲကို တီရှပ်ဝတ်ပြီး သတင်းလာယူတယ်။ တီရှပ်ဝတ်ပြီး မ၀င်ရဘူးဆိုလို့ မ၀င်ပဲ၊ သတင်းမယူပဲ ပါးစပ်ပိတ်ပြီး ထိုင်နေတဲ့ မီဒီယာသမားတွေလား။ သူတို့ ကို ဘာပုဒ်မ တပ်ရမှာလဲ။ ပြည်ထဲရေးဝန်။ ။ညံ့ ပါ့ကွာ။ တို့အတွက် ဆယ့်နှစ်မျိုးဂျင်းသုတ် ပုဒ်မ(၁၈)နဲ့  ဆွဲစိလေကွာ။ ရွာထောင်စုကူညီပါရစေမှူးကြီး။ ။ သူတို့က ပုဒ်မ(၁၈)နဲ့  ဆွဲစိရအောင် အဘစိန်ဖိတ်လို့ သတင်းလာယူတဲ့ သူတွေလေ။ ဆန္ဒပြဖို့ လာတဲ့ သူတွေ မဟုတ်ဘူး။ ပြည်ထဲရေးဝန်။ ။ဟေ့သူတို့က တီရှပ်တွေ ၀တ်လာတယ်လေကွ။ ရွာထောင်စုကူညီပါရစေမှူးကြီး။ ။သတင်းသမား တီရှပ်မ၀တ်ရဘူးဆိုတဲ့  ဥပဒေရှိလို့လား။ ရှာ မတွေ့ သေးဘူး ဆရာ။ ပြည်ထဲရေးဝန်။ ။ ဟေ့ … သူတို့တီရှပ်တွေက အဘစိန်နှလုံးခုံစက်ကလေး ပျက်သွားနိုင်တယ်ကွ။ ရှုပ်တယ်ကွာ။ အမေးအမြန်းမထူနဲ့ ။ ဒါ အထက်အမိန့်။ ရွာထောင်စုကူညီပါရစေမှူးကြီး။ ။ဟုတ် ရွာထောင်စုကူညီပါရစေမှူးကြီးကား ယိုသမျှချေး ပုဇွန်ဆိတ်ခေါင်းစုရှာသော သူ့အဖြစ်ကို သူမသိ။ အထက်အမိန့်ဆိုသည်နှင် ပြားပြားဝပ် လိုက်နာဖို့ အသင့်ဖြစ်နေသည် ။ ငပိစင်တာရှေ့ တွင် သတင်းမယူပဲ ငြိမ်းချမ်းစွာ ထိုင်ပြီး လွတ်လပ်စွာသတင်းယူခွင့်မရှိကြောင်း လူထုသိအောင်သက်သေ ပြနေသော မီဒီယာသမားများကို ပုဒ်မ(၁၈)နှင့် ဆွဲစိရန် တက်ကြွစွာ ပြင်ဆင်လေသည်။ “ဒီမီဒီယာသမားတွေကို ပုဒ်မ(၁၈) ငြိမ်းစုစီနဲ့  အရေးယူသင့်တယ် သူတို့တွေဟာ ခွင့်ပြုမိန့်မယူပဲ တီရှပ်တွေဝတ်တယ်။ ခွင့်ပြုမိန့်မယူပဲ ပါးစပ်တွေ ပလာစတာ ကပ်တယ်။ခွင့်ပြုမိန့်မယူပဲ ကင်မရာတွေ ရှေ့ ချတယ်။ ခွင့်ပြုမိန့်မယူပဲကင်မရာတွေ ရှေ့ ချပြီး ဓါတ်ပုံတွေ စုရိုက်တယ်။ပြီးတော့ ပြီးတော့ ဘာရှိသေးလဲ။ အင်း … ပိုအမှု ကြီး အောင် ခွင့်ပြုမိန့်မယူပဲ အသက်ရှူနေကြလို့ဆိုတာပါ ထည့်လိုက်မယ်”

No comments:

Post a Comment