Friday, January 1, 2016

ခွေးသေကောင်ပုပ် အခြေခံဥပဒေနဲ့ မိုးမခရွာ

မိုးမခ

ဂျော်ဒီး – ခွေးသေကောင်ပုပ် အခြေခံဥပဒေနဲ့ မိုးမခရွာ

January 1, 2016
 
 ဂျော်ဒီး – ခွေးသေကောင်ပုပ် အခြေခံဥပဒေနဲ့ မိုးမခရွာ
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆
မိုးမခရွာသားကလေးငယ်များရဲ့  ဒီဇင်ဘာကျောင်းပိတ်ရက်..နောက်ဆုံးနေ့..။
“ဒီနေ့.. ကာတွန်း နှစ် (၁၀၀) ပွဲကို သွားကြမယ်ဟေ့”
ဂျူနီယာရဲ့ဆော်သြသံနှင့်အတူ.. မိုးမခရွာသားကလေး တစုမှာ..တက်ကြွနေကြသည်..။ သူ့ညီလေး ဖိုးခွားကို ခါးထစ်ခွင်ချီ ထားရသော..ရန်လိုကျွဲကား.. ကာတွန်းနှစ် ၁၀၀ ပွဲကို သွားလိုလှသော်လည်း..
“အေးကွာ..။ ငါလဲ ကာတွန်းနှစ် ၁၀၀ ပွဲကို သွားချင်လိုက်တာကွာ..။ အမိုးက ညီလေးကို ထိန်းခိုင်းထားတယ်..။ ဒီကောင်က ဟိုကျ ဂျီကျနေမှာ” ဟု..စိတ်ပျက်လက်ပျက် ငြီးငြူရှာသည်..။
ဂျော်ဒီးကလည်း…အိမ်စောင့်ပေးရဦးမည်မို့..ကာတွန်းရာပြည့်ပွဲကို မလိုက်နိုင်လောက်ဘူး..ဆိုကာ..ငိုမဲ့မဲ့..။
“ရန်လိုကျွဲရာ…မင်းကလဲ ဖိုးခွားပါ ခေါ်ခဲ့..။ သူငိုရင် တို့ကူထိန်းပေးမှာပေါ့..”
“ဂျော်ဒီးကလည်း…အိမ်ပဲစောင့်မနေနဲ့..ထားခဲ့..။ လူကြီးတွေ မာန်လဲ..ခံလိုက်ပေါ့ဟာ..။ ဒီလို ကာတွန်းနှစ် (၁၀၀) ပွဲဆို တာ…ကြုံရခဲပါဘိ..”
“အနော်လဲလိုက်မယ်ချန်မထားနဲ့.. အုန်းလက်နွား.. အဲလေ..ပါဝါရိန်းဂျားလေး… ထားခဲ့မယ်” မင်းညွန့်လှိုင်ကလည်း ကဗျာလေး တအေးအေးနဲ့ ..အတူလိုက်ရန် အသင့်ဖြစ်နေလေသည်..။
သို့နှင့် မိုးမခရွာသား ကလေးငယ်များမှာ ကာတွန်းနှစ် ၁၀၀ ပွဲတော်သို့ ပျော်ရွှင်စွာချီတက်ကြလေသည်။ ကာတွန်းပွဲတော် ကျင်းပရာ…မိုးမခရွာလည်ကွက်လပ်ကြီးအတွင်းမှာ.. ကလေးတို့ချစ်သော..ကာတွန်းဇာတ်လိုက်ကျော် အရုပ်ကားချပ်ကြီး များကို တွေ့လိုက်ရကား…ကလေးများမှာ ပျော်ရွှင်လွန်း၍ ခုန်ပေါက်မြူးတူးစွာ။ မောင်ရစ်က..စိန်မျောက်မျောက်ပုံကားချပ်ကြီး ကို နောက်ခံထား၍လည်းကောင်း၊ ကျော်ဟုန်းက.. မုဆိုးကျော်ဖိုးထော်ကားချပ်ကြီးကို နောက်ခံထား၍လည်းကောင်း ..တူရာ တူရာ..နောက်ခံထားကာ ဓါတ်ပုံရိုက်ကြသည်..။
ခင်လွန်းက… “ဟိုးမှာ..ကာတွန်းဆရာတွေကတဲ့ ဟာသပြဇာတ်တွေလဲရှိသေးတယ်..သွားကြည့်ကြစို့” လို့ ဆော်အော် လိုက်သည်။
ဇာတ်စင်ပေါ်တွင် ကပြတင်ဆက်နေသော….ကာတွန်းဆရာ မောင်မောင်ဖောင်တိန့်မျက်နှာကြီးကား…. မီးဆလိုက်များ အောက်တွင်.. မိတ်ကပ်များ ၊ကာချယ်လိုင်နာများနှင့်ချွေးများရောယှက်စီးသွယ်ကာ.. မှင်ယိုနေသော ဖောင်တိန်ကြီးကဲ့သို့ ဖြစ်နေရှာသည်ကို တွေ့ကြရာ..ကလေးများမှာ စင်အောက်မှ..လက်ခုပ်လက်ဝါးတီးကာ..အားပေးကြရှာ၏။
“သူဆွဲတဲ့ ကာတွန်းပုံတွေတောင်..သူ့လောက်မရီရဘူးကွာ..”
ပြပွဲလာပရိသတ်များထဲတွင် ကလေးတို့အချစ်တော်ကာတွန်းဇာတ်ကောင်များကို မွေးဖွားပေးခဲ့သူ ကာတွန်းဆရာကြီးများကို လည်း အရှင်လတ်လတ် တွေ့ကြရရာ..ကလေးများမှာ ၀မ်းသာပျော်ရွှင်မဆုံးပေ..။
မိုးမခရွာကာတွန်းဆရာကြီးများက…
“ကလေးတွေပျော်နေတာတွေ့တော့… ၀မ်းသာသကွာ..။ ရှေ့လထဲမှာလည်း.. နိုဗယ်မိုးမခစာပေပွဲတော်ရှိတယ်ကွ..။ အဲဒီ မှာလည်း မင်းတို့ကလေးတွေအတွက် ကလေးစာပေစာအုပ်တွေ အများကြီးထွက်လာဦးမှာ..”
“လူကြီးတွေလည်း မင်းတို့ကလေးတွေအတွက်…အရေးထားရမှန်းခုမှပဲ..သတိပြန်ရလာကြတယ်။ ကလေးတွေကို လူကြီး တွေက မေ့ထားခဲ့ကြတာ..ဆယ်စုနှစ်နဲ့ချီနေပြီကွာ..”
ထိုစဉ်…ကာတွန်းရာပြည့်ပွဲတော်အတွင်းသို့ ..မယ်မယ်ဒီနှင့်အဖွဲ့ ရုတ်တရက်ရောက်လာသည်။ ကာတွန်းဆရာကြီးများကား …သူတို့ကာတွန်းရာပြည့်ပွဲတော်ကို မယ်မယ်ဒီရောက်လာသဖြင့် ၀မ်းသာဂုဏ်ယူမဆုံးကြပေ..။ အချင်းချင်း လက်တို့ ကာ..ကြည်နူးအားရသံစွက်ကာ..တီးတိုးပြောကြ၏။
“ဟေး…တို့လဲ ဆိုက်ကားဆရာကြီးတွေလို ဂုဏ်ပြုခံရပါပြီကွ”
ကာတွန်းဇာနည်ဇော်ဝင်းက..
“မယ်မယ်ဒီ..ခင်ဗျား..။ခုလို ကာတွန်းနှစ်၁၀၀ပြည့်ပွဲကို ဂုဏ်ပြုကြွရောက်ပေးလို့ အလွန်..၀မ်း..၀မ်း”
ပြောလို့မှ မဆုံးသေးခင်..
“အော်..ကာတွန်းရာပြည့်ပွဲကို လာတာမဟုတ်ပါဘူး..။ ဒီမှာ လူစုလူဝေးမြင်လို့ ၀င်လာတာပါ..။ လူစုလူဝေးရှိရင်…အမှိုက် တွေရှိလာမယ်..။ ဒီတော့ အမှိုက်တွေ ကောက်ရမယ်လေ..”
မယ်မယ်ဒီက တဆက်တည်းကလေးများဘက်သို့လှည့်ကာ အမှိုက် ပညာပေးလေသည်..။
“သားတို့သမီးတို့လဲ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ရမယ်နော်..။ တချို့ပြန်လည်အသုံးချလို့ရတဲ့ အမှိုက်တွေကို ပြန်အသုံး ပြုခြင်းနဲ့..အမှိုက်လျှော့ချနည်းလဲ ရှိတယ်..။ သိလား.။ ဥပမာ.. တချို့ခရိုနီအမှိုက်တွေဆို..ပြန်လည်အသုံးချပြီး..အမှိုက် လျှော့ချရတယ်…”
ထိုစဉ်…မှန်တာတွေ ပြောလွန်းလို့..မိုးမခရွာ့ပြင်တွင် နေသော..အဒေါ်မယ်ညိုတယောက်ဆေးပေါ့လိပ်ကြီးသောက်ပြီး ရောက်လာ လေသည်..။ သူ့ထုံးစံအတိုင်း..
“ခရိုနီအမှိုက်တွေ ပြန်သုံးရင်လဲ ပုတ်စော်နံနေ ပေကျံနေလွန်းတဲ့အမှိုက်တွေကတော့ မသုံးသင့်ဘူး မဟုတ်လား..။ အဲဒီလို အမှိုက်မျိုးတွေကို .. ဘယ်လိုစွန့်ပစ်ရမလဲ..”
မယ်မယ်ဒီက.သူ့မူပိုင်ဟန်…ရီဟဟလေသံဖြင့် အဒေါ်မယ်ညိုကို ပြန်ဖြေသည်..။
“စွန့်ပစ်စရာနေရာမရှိသေးရင်တော့ ကိုင်ထားသင့် ကိုင်ထားရဦးမှာပေါ့”
အဒေါ်မယ်ညိုကလည်း…မှန်တာတွေပြောလွန်းလို့ ရွာ့ပြင်ထွက်နေသူပီပီ..
“ကိုင်ထားလို့မသင့်တော်တဲ့ ခွေးသေကောင်ပုတ်လို အမှိုက်မျိုးဆိုရင်ရော..။ ဥပမာ..တရွာလုံးသောက်ရမယ့်ရေတွင်းထဲမှာ ပုတ်ပွနံစော်နေတဲ့ ခွေးသေကောင်တကောင် ကျနေမယ်..ဆိုပါတော့..။ ရေတွေကိုပဲ ခပ်ထုပ်ရမလား..။ ခွေးသေကောင် ပုတ်ကို ဆယ်ရမှာ မဟုတ်လား..။ ဆယ်ပြီးရင်ကော.. ဘယ်လိုရှင်းလင်းရမလဲ”
“ခွေးသေကောင်ပုတ်ကိုတော့ ဆယ်ရမှာပေါ့..အဒေါ်မယ်ညိုရယ်..။ ကျမတို့ တရွာလုံးကျန်းမာရေးအတွက်.. တရွာလုံးကို အဆိပ်အတောက်ဖြစ်စေမဲ့ ဒီခွေးသေကောင်ပုတ်ကြီးကို..ဆယ်ဖို့ကိစ္စက ကျမတို့ရဲ့ အဓိကရည်မှန်းချက်ပဲ ဖြစ်ရမှာပေါ့..။ ဒီလိုပဲ..ကျမတို့ ချစ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက်..ခွေးသေကောင်ပုတ်လို..နံစော်တဲ့..မထားသင့်တဲ့…ဥပဒေတွေ ..အကျင့်ဆိုးတွေကိုပါ ပြင်နိုင်..တောထုတ်နိုင်ဖို့ ကျမတို့ ကြိုးစားရဦးမှာပါ..။ ကြိုးစားပုံ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိမှာ ပေါ့။ ဒီနည်းလမ်းတွေကိုတော့ ကျမ..အခုချမပြနိုင်သေးဘူးနော်”
“ကောင်းပါပြီလေ…။ ကျမတို့ အားလုံးရဲ့  ဘုံရည်မှန်းချက် မပျောက်စေဖို့…ကျမကလည်း ရွာ့ပြင်ထွက်နေပါရစေ..စောင့်ကြည့်ပြီး..ဝေဖန်ထောက်ပြနေဦးမှာနော်..။ လာမဲ့နှစ်သစ်မှာ ကျမတို့ ချစ်တဲ့ကလေးတွေရဲ့အနာဂတ်အသစ်အတွက် အမှိုက် တွေ အညစ်အကြေးတွေတင်မက..ခွေးသေကောင်ပုတ်လို အခြေခံဥပဒေကြီးကိုပါ…ဆယ်ယူမြေမြှုပ်ဖို့ ကျမတို့ ဟန်ချက် ညီညီ..ရှိနေဦးမှာပါ..”
မိုးမခရွာသားကလေးများကား… မယ်မယ်ဒီနှင့် အဒေါ်မယ်ညိုတို့ စကားစစ်ထိုးပွဲကို နားထောင်ကာ..ခေါင်းနဲနဲရှုပ်သွား သည်..။ ခုန ကာတွန်းပွဲတော်အကြည်ဓါတ်ကလေးတွေတောင် ဘယ်ရောက်သည်မသိ..။ သို့သော် ပြောစကားများထဲတွင်..သူတို့ကလေးများအတွက်..ဆိုတဲ့စကားလုံးကို ခနခနကြားရသည်ဖြစ်၍ တော်ပေးသေးသည်..။ တကယ်ဆို…သူတို့နားမ လည်တာတွေ ပြောနေမည့်အစား..မိုးမခကလေးများ “ဟက်ပီးနူးယီးယားမှာ….ကောက်ညှင်းပေါင်းစားကြွပါ” လို့များ.. ရိုးရိုးသားသား..ဖိတ်ကြားလိုက်ရင်…ဒီအဒေါ်ကြီးနှစ်ယောက် အတော်နိပ်ဦးမည်ပါ..တကား…။ ။
(မိုးမခ ရွာသားကလေးများ….နှစ်သစ်မှာ ပျော်ရွှင်စွာ..အမှိုက်တွေရှင်းနိုင်ကြပါစေ)
သရုပ်ဖော်ကာတွန်း မောင်ရစ်

No comments:

Post a Comment