Tuesday, November 2, 2010

leave the real fake ones in 2010

“၂၀၁၀ ထဲမှာ အတုတွေ ထားရစ်ခဲ့”
ဂျော်ဒီး
နိုဝင်ဘာ ၃၊ ၂၀၁၀

သြော် … … ဘာလိုလိုနဲ့ ၂၀၁၀ တောင် အနိစ္စ သဘော၊ ကိစ္စ ချောတော့မှာပါလား။ သက်တမ်း နည်းနည်းပဲ ကျန်တော့တဲ့ ၂၀၁၀ ရဲ့  ဖင်မြီးဖျားကလေးမှာ အမှီချိတ်၊ အပီ သိပ်ဖို့ ကြိုးစားနေတဲ့ ၂၀၁၀ ရွေး ဂေါက်ပွဲကြီးကလည်း ပွဲမ၀င်ခင် အပြင်မှာ အောင်စာရင်း ထုတ်ထားလေပြီ။ အနိစ္စ … အမြဲ မရှိ။ ဒုက္ခ … ဆင်းရဲ၏။ အနတ္တ … ဒီအစိုးရ အစိုးမရပါတကား။

ဂျီးဒေါ် တယောက် သံဝေဂတွေ တလှေကြီး နဲ့ ဈေးက ပြန်လာတယ်။ လက်ထဲမှာလည်း ရွေးဂေါက်ပွဲ မဲဆွယ် စာရွက် တချို့  နဲ့။ ကြည့်လိုက်တော့ တရွက်က ခမောက်တံဆိပ် နဲ့။ အမယ် … … … ခမောက်ပေါ်က ဘာလေးပါလိမ့် …… ။ အရင် မီးရှို့ ခံရတဲ့ အလံဟောင်းက ကြယ်လေးများ ကောက်တပ်ထားတာလား……။

ဒါမှမဟုတ် ပေါတာကြီးက သူလုပ်တဲ့ ရွေးဂေါက်ပွဲ ၀င်လို့ ဂုဏ်ပြုပြီး သူ့ရင်ဘတ်ပေါ်က တပွင့်တလေ ဖြုတ် ပေးသနားထားတာ လေလား… … ။ ဘာပဲ ဖြစ်ဖြစ် မူလ လက်ဟောင်း ခမောက်တွေက သူခိုး လို့ စွပ်စွဲလာရင် တို့က ကြယ်တလုံး ပိုတယ်ကွ လို့ မလိမ့်တပတ် လုပ်လို့ ရတာပေါ့လေ…။

ပါတီအဖွဲ့အစည်းတွေလည်း ကုန်ပစ္စည်း ကြော်ငြာတွေလို “ဆင်တူယိုးမှား သတိပြု” တို့၊ “အတု အပ ပြုလုပ်လျှင် ထိရောက်စွာ အရေးယူမည်” တို့၊ ဘာတို့၊ ညာတို့ ကြော်ငြာရတော့မယ် ထင်တယ်။

ဟော … … … နောက်တရွက် က ဒေါင်းရုပ်နဲ့ … …။

ဒီကြော်ငြာတွေကလည်း ပုဆိုးတိုက်ပွဲတွေတုန်းကလို ဦးဂျမ်း နဲ့ ဦးဘဂျမ်း `ဘ´တလုံးထဲနဲ့ ကပ်ရှုပ်နေသလိုပါလား…။

ခမောက် အတု ကလည်း ခမောက်တင် ခိုးလို့ အားမရ။ အမျိုးသား ခေါင်းဆောင်တောင် အသုံးချချင်တော့ လု လိုက်သေးတယ်။ ဒါဆိုလဲ အမျိုးသား ခေါင်းဆောင် လို့ သတ်မှတ်ထားသူရဲ့  လမ်းစဉ်ကို လိုက်ပါတဲ့လား။ ခုတော့ ပေါတာကြီးရဲ့  လိမ်ပွဲ ညာပွဲ အတုကြီးထဲ ၀င်နွဲလို့။ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား … ဆိုသလို။

ခုတော့ ပြည်သူတွေ နဲ့ ကမ္ဘာကို အင်ထုဖို့ ၀ိုင်း ကြံနေတဲ့ ကြံရာပါတွေကို ဖြစ်လို့။ ဒါပေမယ့် ပြည်သူတွေကလည်း ကလေးက အစ နောကျေလို့။ ခံ လာရတာလဲ နှစ်ပေါင်း ၆၀ ကျော် နေပြီ ဆိုတော့ ဖွတ် အစည်း အဝေး၊ ဘာ အစည်း အဝေး၊ ညာအစည်း အဝေး၊ အကျွေး အမွေး ကောင်းလို့ကတော့ ပျော်ပျော်ကြီး သွားစား ပစ်လိုက်တာ…။ ဒါပေမယ့် ဘယ်ဟာ အစစ် ဘယ်ဟာ အတု သူတို့ ခွဲသိတာပေါ့။

ဒေါင်း အတုတွေ ဝေထားတဲ့ စာရွက်တွေ ဖတ်နေတဲ့ ဆိုက်ကား မာစတာ တယောက်က “ဒေါင်းအစစ်သာဆို ဒါမျိုး လာလုပ်ရင် ထောင်ထဲ ထည့်ထားမှာပေါ့…” တဲ့၊ “လာမရောနဲ့…” တဲ့၊ ဟုတ်သား…။

ဂျီးဒေါ် တယောက်ထဲ ဟိုတွေး ဒီတွေး တွေးရင်း ဟိုဟို ဒီဒီ ကြည့်လိုက်တော့ -
“အမယ် … သာဂိ။ စာရွက်တွေ၊ ဘောပင်တွေ နဲ့ ဘာတွေ ရေးနေတာတုံး။ မဲဆွယ်စာရွက် အငှား ရေးပေးနေတာလား”

“ရှူးးးးး … အာရုံပျက်မှာစိုးလို့ ဂျီးဒေါ် … … ။ ကျနော့်ကို စကား လာမပြောနဲ့……။ ဒီမှာ ပို့စ်မော်ဒန်အလွန် ကဗျာ စပ်နေတာ…”

“အလို … … သာဂိ ကဗျာစပ်နေတယ် … ဟုတ်စ။ အော် … ဟို … ကဗျောင်ဆရာလေးလို ရွေးကောက်ပွဲ ၀င်ချင်ပြန်ဘီ ထင်တယ်။ နောက်ကျနေဘီ ငါ့တူ … ရွေးကောက်ပွဲကဖြင့် ပြီးသလောက် ရှိနေဘီ”

“ဟာဗျာ … ဂျီးဒေါ်ကလည်း၊ ရွေးဂေါက်ပွဲ ကဖြင့် စတောင် မစရသေးဘူး၊ ဘယ်ကလာ ပြီးနေရတာလဲ။ ပလိစ် … ကျေးဇူး ပြုပြီး တော်ကင်တွေ လာ မပွားနဲ့အုံး၊ ဒီမှာ ကဗျောင်က ပြီးတော့မယ်။ ပြီးရင် ဂျီးဒေါ်ကို ဖတ်ခိုင်းမယ်။ ခဏစောင့်”

“အေး ပါ ဟယ်… … စပ် …စပ်”

ဟာ … ဟိုမှာ လူ တသိုက် ကြော်ငြာစာရွက်လေးတွေ လိုက်ကမ်းနေပြန်ပါလား။ ဒီရက်ပိုင်းမှာ လျက်ဆားသည်၊ ရှောက်သီးဆေးပြားသည်တွေနဲ့ အပြိုင် စာရွက်တွေ လှိုင်လှိုင် ဝေ နေလိုက်ကြတာ။
လူတယောက်က ဂျီးဒေါ်ကို စာရွက် တရွက် ကမ်း ပေးရင်း -

“ဂျီးဒေါ် … အနော့်ကို ခိုင်းပါ ခင်ညာ”

“ဟင် … ဘာ ခိုင်း ရ မှာ တုံး။ မင်းက … ဘယ်သူတုံး”

“အနော်က တသီးစား ပုဂ္ဂလ အမတ်လောင်းပါ ခညာ။ တသီးလောက် စားရရင် တော်ပါဘီ ခညာ။ အဲလေ… ယောင်လို့။ ဂျီးဒေါ်အသဲကြားက မဲတပြားကို အနော့်ကို ပေးပါနော် … … နော် …”

ထိုသူက ဂျီးဒေါ် ရှေ့မှာ ကိုရီးယား မင်းသား စတိုင် ဒူးထောက်ပြီး အသဲကြားက ဆိုလား၊ ဘာဆိုလား။ အမလေး …… ရင်တွေ တုန်ပါဘိကွယ်။

“ထပါကွယ်။ လူမြင် မကောင်းပါဘူး”

“လွှတ်တော်ဂျီးထဲကို အနော် … ရောက်သွားရင်လေ … ၊ ရောက်သွားရင်လေ……”

(အရေးထဲ ရှောက်သီးဆေးပြားသည်ဂျီး၊ အဲလေ တသီးစား အမတ်လောင်းဂျီးက လက်ကြီး ပါးစပ်ထဲ ကိုက်၊ မျက်လုံးဂျီး ဒေါင့်ကပ်လို့ မူ၊ နွဲ့နေရသေး။)

“ကဲပါ … နွဲ့မနေပါနဲ့။ ပြောစရာရှိ ပြော … ။ လွှတ်တော်ထဲ ရောက်ရင် ဘာလုပ်မှာလဲ …။ ဖွတ် ဂျိုဂုတ်ကြီးတွေ၊ ဖွတ် သူခိုး အမတ်ကြီးတွေ အိပ်ငိုက်ပြေ ရှောက်သီးဆေးပြား သွားရောင်းမှာလား”

“ဟို … ဟို … ဂျီးဒေါ်တို့ပြည်သူတွေ ခိုင်းသမျှ လုပ် ပေး မှာ။ တံမျက်စီး လှဲပေးရမလား။ အိမ်သာရေ ဖြည့်ပေးရမလား။ ဇက်ကြောလေး တက်ရင် နင်း၊ နှိပ်ပေးရမလား။ အားမနာတမ်း ခိုင်းပါနော်၊ နော်…၊ နော်လို့…”

“အေးပါဟယ်၊ လွှတ်တော်ထဲ တကယ်ရောက်အောင် အရင် လုပ်ဦး။ ကြော်ငြာ ဆိုင်း ဘုတ်လေးတွေလည်း အရင် ဖြုတ် သိမ်းထား။ ရက်လွန်ရင် ဒဏ်ကြေး ပေးနေရဦးမယ်။ သွား … သွား…”

ကနွဲ့ကလျ ထွက်သွားတဲ့ တသီးစား အမတ်လောင်းကို ကြည့်ရင်း ဂျီးဒေါ် တယောက် “ဟင်း” ခနဲ သက်ပြင်းကြီး ချလိုက်မိတယ်။

ထိုစဉ် ကဗျာရေးနေသော ကဗျောင် ဆရာလေး မောင်သာဂိက ခါးဆန့်ရင်း …

“ကဲ … ဂျီးဒေါ် သက်ပြင်းတွေ ချ မနေနဲ့။ ရော့ … … ဒီကဗျာ … ဖတ်ပေတော့။ ဒါ ကျနော် အခုပဲ ရေးပြီးသွားတဲ့ ပို့စ်မော်ဒန်တဖက်ကမ်း ကဗျာ။ ရွေးဂေါက်ပွဲအကြောင်း စပ်ထားတာ”

ဂျီးဒေါ်တယောက် သာဂိ ပေးခဲ့တဲ့ ‘၂၀၁၀ ထဲမှာ အတုတွေ ထားရစ်ခဲ့’ ခေါင်းစဉ်တပ် ကဗျာကို ဖတ်ရင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေပါတော့တယ်။

‘၂၀၁၀ ထဲမှာ အတုတွေ ထားရစ်ခဲ့’
ခမောက် အတု
ဒေါင်း အတု
လာပြီး မောင်းထု
လူ စု မနေနဲ့။

ပွဲကလည်း အတု
အတုကြီးထဲ
ဝင် နွဲ သမျှ
အတုတွေထဲက
အတုတွေပဲမို့ 

၂၀၁၀ ထဲမှာ အတုတွေ ထားရစ်ခဲ့။
၂၀၁၀ ထဲမှာ အတုတွေ ထားရစ်ခဲ့။ ။

(နားးးးးး)

No comments:

Post a Comment