Thursday, June 2, 2011

Gyaw Dee's Joke (5)

မြန်မာ ရွှေပြည် ... ဒို့ ရွှေပြည်
ဂျော်ဒီး
ဇွန် ၂၊ ၂၀၁၁


တနေ့က ... ဂျီးဒေါ် အချစ်ဆုံး ကြောင်ကြီးရွှေဝါ သေသွားရှာတယ်။ အကောင်းသားကနေ .. အစာမစားနိုင်ဘဲ .. ပါးစပ်ထဲက .. ဖြူဖြူအရေတွေ အန်ရင်း ... ရက်ပိုင်းအတွင်း ဖျိုးခနဲ ဖျတ်ခနဲ သေသွားတော့ ... ဂျီးဒေါ်တယောက် စိတ်ထိခိုက်လို့ မဆုံး...။ သိပ်ချွဲတတ်ပြီး ပွတ်သီးပွတ်သပ်နဲ့ အရမ်းလူခင်တဲ့ ရွှေဝါ ... အတွက် .. တဖျစ်တောက်တောက် ပြောမဆုံး ...။

ဈေးထဲက ဂျီးဒေါ် ဘော်ဒါတွေက ပြောတယ် ..။

အဲဒါ ... ‘ကြောင်နားရွက်ဝါ’ ရောဂါ ဆိုလား...။ ဘာတွေမှန်းလဲမသိ ... ရောဂါဘယတွေကလည်း ဆန်းပြားလှပါလား ...။ ခုတလော ... ခေတ်စားနေတဲ့ ... ‘ဝက်နားရွက်ပြာ’ ရောဂါကလည်း ... တခြားနိုင်ငံတွေက ဝက်နားရွက်ပြာရောဂါ ဗိုင်းရပ်စ်နဲ့တောင် ... မတူဘူးတဲ့။ အင်းလေ ... ရွှေပြည်ကြီးဆိုတော့ .. ဗိုင်းရပ်စ်တွေကတောင် ... မြန်မာ့နည်း မြန်မာ့ဟန်တွေကို ... ဖြစ်လို့။


“ဗျိုး ... ဂျီးဒေါ် ... မျက်နှာလည်း မကောင်းပါလား ...”

“အေးဟယ် ... ငါ့ ကြောင်ကြီး ရွှေဝါ သေသွားလို့ ... စိတ်မကောင်းဖြစ်နေတာ ...။ ‘ကြောင်နားရွက်ဝါ’ ဆိုလား ... ဘာလား ..။ တခြားကြောင်တွေလည်း ... ခုရက်မှာ အဲလိုပဲ ... သေကြတယ်တဲ့”

“ဘယ်ကလာ .. ကြောင်နားရွက်ဝါ ရောဂါ .. ရမှာလဲ။ အဲဒါ .. စိနပြည်ကလာတဲ့ ဘာတွေနဲ့ ဖော်စပ်ထားမှန်းမသိတဲ့ ... ဘာ အာမခံချက်မှမရှိတဲ့ တိရိစ္ဆာန်အစာတွေကျွေးလို့ ... ဖြစ်တာ ..။ အဲဒါ ကြောင့် ... ဂျီးဒေါ်ကို ... ဂျာနယ်တွေ ... ဖတ်ပါလို့ ပြောတာ ..။ အဲဒီ ... ကြောင်စာခဲတွေ ကျွေးရင်
ကြောင်တွေရဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး ... နောက်ဆုံး .. သေကုန်တာ”

“ဟေ ... ဟုတ်လား ..။ ဖြစ်နင်တယ် ...။ ဒင်းတို့တိုင်းပြည်က ... ကလေးတွေတောင် ... တော်ကြာ ... နို့မှုန့်တွေက ... အဆိပ်သင့်လိုက်..။ တော်ကြာ ... မုန့်တွေထဲက ... အဆိပ်သင့်လိုက် ..။ သေလိုက်ကြတာ သောက်သောက်လဲ ...။ ကြောက်စရာ .. ကောင်းလိုက်တာ ဟယ် ...။ ဒို့တိုင်းပြည်က ... ကလေးတွေလည်း စိနကလာတဲ့ ဘာတွေနဲ့လုပ်ထားမှန်းမသိတဲ့ ... မုန့်ပဲသရေစာ ... ပေါ ချောင် မကောင်းတွေပဲ မှီဝဲနေရှာတာ ... ဘုရား .. ဘုရား ... လူမသိ .. သူမသိ ... ဘယ်နှယောက်တွေများ သေကြေကုန်ကြပါလိမ့်”

“ကလေးတွေတင် ... ဘယ်ကမလဲဗျာ ..။ တတိုင်းပြည်လုံး ... ဒီ .. ပေါ ချောင် မကောင်း အစားအစာတွေ ... ဆေးဝါးတွေ ... လူသုံးပစ္စည်းတွေပဲ ... သုံးပြီး .. နေရတာ ..။ တတိုင်းပြည်လုံးက ရွှေဗမာတွေကို .. တဖြည်းဖြည်းချင်း ... မျှဉ်းသတ်နေတာလား မသိဘူး ...။ အကုန် သေကုန်မှ ... သူတို့က ... နယ်မြေသိမ်းပိုက်ပွဲ လုပ်လိမ့်မယ် ...”

“အမလေး ... တယ် ကြောက်စရာ .. ကောင်းပါလား .. သာဂိရယ်”

“အခု .. ဝက်တွေသေတာကလည်း ... စိနက လာတဲ့ဝက်စာတွေကျွေးလို့ .. တဲ့ ပြောနေကြတာ ...။ အဲဒီလို ... နယ်စပ်ကနေ ... တရားမဝင် .. ဝင်လာတဲ့ပစ္စည်းတွေကို ... အစစ်အဆေးမရှိ ... ဈေးကွက်တွေထဲမှာ ရောင်းချခွင့်ပြုထားတာ ... ဘယ်သူတွေမှာ ... တာဝန်ရှိလဲ။ တာဝန်ရှိတဲ့သူတွေကို .... ရေလောင်းလိုက်တော့လဲ ... လျှောခနဲပါပဲ ... ဂျီးဒေါ်ရယ် ..”

“ဟဲ့ ... သာဂိရဲ့ အခုခေတ်က ... သန့်ရှင်းသော အစိုးရခေတ်လေ ... ရေလောင်းလို့ရလို့လား”

“ဟဲ ဟဲ ... နည်းနည်းတော့ မလောင်းနဲ့လေ ... တိုင်ကီလိုက်လောင်းမှ ... လျှောခနဲ... လျှောခနဲ ... ပဲ။ သူတို့က သန့်ရှင်းမှကြိုက်တာ ... ရေများများလောင်းလေ ... ကြိုက်လေပဲ .. ဟီး ဟီး”

“သူတို့တွေ ... လျှောတာ အရေးမကြီးဘူး ...။ ဒို့ .... လူတွေ ... တိရိစ္ဆာန်တွေ လျှောကုန်ရင် ... ဒွတ်ခ”
“အဲဒါ ပြောတာပေါ့ ... အခု ပြသနာက ... ကြီးလာဘီ ..။ ဝက်ရောဂါတွေဖြစ်လို့ ... ဝက်တွေ .. သောက်သောက်လဲ သေတယ် ...။ သေတဲ့ဝက်တွေကို ... စနစ်တကျ ... မြှုပ်ဖို့ ...။ ဒါမှ ... ဆက်မကူးစက်မှာလေ ...”

“ဟဲ့ .. ဒီကိစ္စ .. ကို ... စည်ပင်သာယာက ... မြှုပ်ဖို့နေရာ သတ်မှတ်ပေးတယ် ... လေ .. သာဂိရဲ့”

“အင်း ... ... သတ်မှတ်ပေးပါတယ် ... ဂျီးဒေါ် ရယ် ..။ ဒါပေမယ့် ... အဲဒီ သတ်မှတ်နေရာကနေ .. ဝက်သေတကောင် မြှုပ်ရင် ... ငွေလေး .. ငါးထောင် ... စောင့်တောင်းနေလို့ ... ဝက်သေလို့ စီးပွားပျက်နေသူတွေခမျာ ... ကြုံသလို .. ဖြစ်သလိုတွေ .. မြှုပ် ..။ နောက်ဆုံး ... မမြှုပ်နိုင်လို့ ... လူလစ်တဲ့နေရာတွေ ပစ် ..။ မြစ်တွေ ... ချောင်းတွေထဲ ... မျှောတဲ့လူက .. မျှော...။ ရွှေပြည်ကြီးတော့ ... ကလီးန်ဂါဗာမန့် ... လက်ထက်မှာ ... အပုပ်နံ့တွေ ... လှိုင်လို့”

“အေး ... ဟုတ်သဟဲ့ ... သာဂိရဲ့ ..။ အခု ... ဈေးထဲမှာ ... ဆို ... လူတွေခမျာ ... ကျီးလန့်စာစား ... ဘာ အသားမှ မစားရဲသလောက် ဖြစ်နေပြီ ...။ မြစ်တွေ ချောင်းတွေထဲမှာ .. ဝက်သေတွေ
ပြစ်တော့ ... ငါးတွေမှာလဲ ... ရောဂါတွေ ... ဖြစ်လို့ .. ဆိုလား ..။ အခု ... နွားတွေ .. ကြက်တွေ ... ရော ကူးစက်ကုန်သတဲ့ ..။ တော်ပါသေးရဲ့ ... ငါက ကန်စွန်းရွက်ပဲ ... စားနိုင်လို့ ..”

“အဲဒါ ပေါ့ .. ဂျီးဒေါ် ... ပြသနာတခုဖြစ်ရင် ... မြန်မြန်ဆန်ဆန် ... ထိထိရောက်ရောက် ... မဖြေရှင်း။ စနစ်တကျ ... ပညာ မပေးဘဲ ... သတင်းတွေကို ... အမှောင်ချထားလေတော့ ... လူတွေကြားထဲမှာ ... ကောလာဟဠတွေနဲ့ပဲ .. ပျံ့နှံ့လို့ ..။ လူထုက ... တကယ် ပူးပေါင်းဆောင်ရွက်ရမှာ တွေ ... မလုပ်တော့ဘဲ... ပြသနာက ... မိုးမီးလောင်တော့မယ် ..”

“ သာဂိရယ် ... တချို့ဝက်ပိုင်ရှင်တွေက ... ဝက်တွေကို နာနေတုန်း .. မသေခင် သတ်ပြီး ... ဝက်ဆီတွေ ထုတ်သတဲ့။ ဝက်အူချောင်းတွေ လုပ်နေသတဲ့ ...။ မသိလို့ စားမိတဲ့လူတွေ ဒုက္ခရောက်ဦးမယ်။ အဲဒီ
ဝက်ပိုင်ရှင်တွေ ... လူစိတ်မှ ရှိပါသေးရဲ့လားမသိ”

“ဝက်ပိုင်ရှင်တွေ ... တင် ... အပြစ်တင်လို့မရဘူး ...။ တာဝန်ရှိသူတွေဘက်ကရော ... ဘာတွေ ကူညီဖြေရှင်းပေးလို့လဲ ...။ ဟိုနေ့က .. တိရိစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးရုံးမှာ .. ပိုးသတ်ဆေးတွေ အခမဲ့ ဝေတယ်ဆိုလို့ ... ဝက်ပိုင်ရှင်တွေ သွားတောင်းကြတော့ ... ဌာနဆိုင်ရာတွေကမွေးထားတဲ့ ဝက်ခြံတွေကို ပေးလိုက်ရလို့ ကုန်ပြီတဲ့ဗျား ...။ သာမန် ဝက် တနိုင်တပိုင်မွေးမြူကြတဲ့ သာမန် အရပ်သားတွေဆိုတာ ... ချမ်းသာလို့ ဝက်မွေးနေတာ မဟုတ်ဘူးဗျ။ မရှိတဲ့ကြားက ... စုဘူးအနေနဲ့ မွေးကြတာ ...။ ခု .. ဝက်နားရွက်ပြာ ကပ်ရောဂါနဲ့တော့ ... စီးပွား အတော်ပျက်ကြတယ်တဲ့ ... ဂျီးဒေါ်ရေ”

ထိုစဉ် ... မလှမ်းမကမ်းမှ ... ဂျာနယ်လက်ပွေ့ရောင်းသမားတဦးရဲ့အော်သံကြောင့် ... ဂျီးဒေါ်တို့
တူအရီး နှစ်ယောက်သား ... အလန့်တကြား ဖြစ်သွားတယ်။

“လူကြီး ... အယောက် ၂၀ ..။ ကလေး .. ၁၀ ယောက် ... သေဆုံးခြင်း ...။ သိချင်ရင် ... ဝယ်ဖတ် ..။ တစောင်မှ တရာ ... ထဲရယ်”

“ဟိုက် .. ရှားလဘတ် ..။ ဘာတွေဖြစ်ကုန်ပါလိမ့် ... သာဂိ။ ငါ .. သွားဝယ်လိုက်ဦးမယ်..”

“နေဦး ... ဂျီးဒေါ့် ... သေသေချာချာ ကြည့်ဦး ...။ သူ့လက်ထဲ ကိုင်ထားတာ ... မြန်မာ့အမှောင်
သတင်းစာကြီးနော် ...။ အဲဒါဆို ... သတင်းမှားချည်းပဲ ..။ ငွေတရာ .. အလကား ကုန်နေဦးမယ် ...”

“ဟဲ့ ... မြန်မာ့အမှောင်ဆိုရင်လည်း ... ဟို ... ပြည်သူ့မေတ္တာခံယူတဲ့ လူဂျီးတွေများ .. သေကုန်တာလား .. မသိ ..။ စိတ်ဝင်စားလာဘီ ...။ လှမ်းခေါ်မေးလိုက်ဟယ်”

“ဟေး .. ဂျာနယ်ရောင်းတဲ့ ဆရာ ... လာပါဦး ..။ ဘယ်သူတွေ ... သေကုန်တာလဲ ..”

“သိချင် .. ဝယ်ဖတ် ..။ တစောင်မှ ... တရာထဲ ... အကို”

“ကဲပါ ... သာဂိရယ် .. မေးမနေပါနဲ့ ..။ ရော့ ... ငွေတရာ..။ ပေး .. တစောင်...။ မှန်း... ဘယ်သူတွေ သေကုန်တာလဲ။ စိန ကလာတဲ့ ပေါ ချောင် မကောင်း အစာတွေ စားမိလို့လား ...။ စိန ဆေးတွေပဲ ... မှီဝဲနေရလို့လား ..”

ဂျီးဒေါ်တို့ တူအရီး ... နှစ်ယောက်သား .. ကသောကမျော ... ရှာဖတ်ကြည့်တော့လည်း ...

သူ အော်ပြီး ကြော်ညာနေသည့်သတင်းကို ... ဘယ်နေရာမှ ရှာမတွေ့ ..။ သာဂိက .. ကျောခိုင်းထွက်သွားတဲ့ .. ဂျာနယ်အရောင်းသမားကို .. စိတ်ဆိုးမာန်ဆိုးနဲ့ လှမ်းအော်လိုက်တယ် ..။

“ဟေးးး လူ။ လူလိမ် ... ဘယ်မှာလဲ ... လူကြီး အယောက် ၂၀ နဲ့ ကလေး ၁၀ ယောက် သေဆုံးတဲ့ သတင်း..”

ဂျာနယ် လက်ပွေ့အရောင်းသမားက ... နောက်ပြန်လှည့်ရင်း ... စပ်ဖြဲဖြဲမျက်နှာကလေးနဲ့ ...

“ဟုတ်ကဲ့ .. ကျနော် မလိမ်ပါဘူးအကို ...။ နာရေး ... စာမျက်နှာမှာ ပါတာပါ ...။ ကျနော်လည်း ... မြန်မာ့အမှောင်တွေ ... အရောင်းထိုင်းလို့ ... လူတွေ ... ဝယ်ချင်စိတ်ပေါက်အောင် ... အရောင်းမြှင့်တင်တာဘာ .. ခင်ညာ။ ကျေးဇူးတင်ဘာဒယ်”

“တိန်”

“အော် ... မြန်မာ ရွှေပြည် ... ဒို့ ရွှေ ပြည်”

ဝန်ခံချက် - စောငို ကာတွန်းကို ဖြတ်ညှပ်ကပ် လုပ်ပါတယ်။

No comments:

Post a Comment