Thursday, June 16, 2011

Gyaw Dee - The Network by the Regime, of the Regime and for the Regime

မြန်မာရွှေပြည် ဒို့ရွှေပြည် … ကွန်ယက်တွေနဲ့ ငါဒို့ပြည်
ဂျော်ဒီး
မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၁



"ကဲ … ဒီငါးထုပ်ကြီးကို ဟိုးဈေးထောင့်က မကုလားမကြီးဆိုင်ကို သွားပို့ပေး။ ငါးဆယ် ပေးမယ်"

"အရီးနော် … တကယ်ပေးရမယ်။ ဟိုတခါလဲ ခိုင်းပြီးတော့ ငါးဆယ် ပေးမယ်၊ တရာ ပေးမယ်နဲ့၊
တကယ့် တကယ်ကျတော့ ချိုချဉ် သုံးလုံးပဲ စားရတယ်။"

"ဟဲ့ကောင်လေး ငါ ခေါက်လိုက်ရ။ အကြွေမရှိလို့ မပေးတာပါဟယ်။ သွား သွား ခုပို့ချေ။ ပြီးရင် လာယူလှည့်"

"ဟင့်အင်းဗျာ၊ မရဘူး။ ဒီတခါ အညာ မခံနိုင်ဘူး။ အကြွေ မရှိရင် ငါးရာတန်ပေးထား၊ နောက်လဲ
ခင်ဗျားကြီးတို့ ခိုင်းဦးမှာပဲ။ ပို့ပေးစေချင်ရင် ပိုက်ဆံထုတ်။ ရော့နဂါးရော့ ပတ္တမြားပဲ"

" ကဲပါ မိချောင်းသားရယ်၊ ရော့ ငါးဆယ်။ သွားပို့ချေ။ မကုလားမကြီးဆိုင်နော်။ မှားပို့လို့ကတော့ အသေပဲ။"

ငါးဆိုင်တန်းတွေကြားမှာ အချီအချ ပြောနေသံတွေကြောင့် ဂျီးဒေါ်အာရုံစိုက်လိုက်မိတော့ ၇ နှစ် အရွယ် ကလေးလေး တယောက်နဲ့ ငါးသည်အမျိုးသမီးတို့ အလုပ်စကား ပြောနေကြတာကိုး။ မနေနိုင် မထိုင်နိုင် ဂျီးဒေါ်က ထုံးစံအတိုင်း စပ်စပ်စုစု …

" ဟဲ့ အဲဒါ ကုန်ထမ်းတဲ့ မလုံးရဲ့ သားလေး မဟုတ်လား။ ဒီအရွယ်ကလေးက ကျောင်းမနေရဘူးလား။ ခုနှစ်ထဲမှာ နိုင်ငံတော် အစိုးရက ကျောင်းနေ အရွယ်ကလေးတိုင်း မူလတန်းပညာကို အခမဲ့ ဖရီး ဖရီး တက်ခွင့်ပေးတယ်လေ။ ကျောင်းတွေမှာ ဆိုင်းဘုတ်ကြီးတွေ ပိုစတာကြီးတွေမှ အကြီးကြီးတွေ ချိတ်ထားတာ။"

" အမယ်လေး … ဂျီးဒေါ်ပြောတဲ့ ဖရီး ဆိုတာကြီးက ကျောင်းဖွင့်စမှာတင် ဖရီးတာ။ လာပါလိမ့်မယ် နောက် ၂ လလောက် ကြာရင် ဘာဖိုး ညာဖိုး ဆိုတာတွေ သေအောင် ကောက်မှာ။ နောက်ပြီး ဒီကလေးတွေကျောင်းထားနေလဲ အလကားပဲ။ ဘာမှ သင်လို့ကြားလို့ရမှာ မဟုတ်ဖူး။ ဒီဈေးထဲမှာနေပြီး ကျုပ်တို့ ခိုင်းစေ သင်ကြားပေးနေတာကမှ တွက်တတ်၊ ချက်တတ်၊ ရောင်းတတ်၊ ၀ယ်တတ်ဦးမယ်။ ခုပဲ ကြည့်ပါလား၊ အလကားခိုင်းလို့ မရတော့ဘူး။ တွက်တတ် လာတာ။ အရင် မတွက်တတ်ခင်တုန်းကဆို ဘာခိုင်းခိုင်း အလကားလောက်နီးနီး ခိုင်းလို့ရတယ်"

" အေးလေ၊ သူ့အဖေ၊ အမေတွေလဲ ဒီလိုပဲ ဈေးထဲမှာပဲ ဟိုလူခိုင်းတာလေး လုပ်လိုက်၊ ဒီလူခိုင်းတာလေး လုပ်လိုက်နဲ့၊ သူတို့ကို မွေးလာကြတာ"

သူတို့ချင်း အတိုင် အဖောက် ညီနေကြတဲ့ ဈေးသည်တစုကြားက ထွက်လာရင်း ဂျီးဒေါ့်မျက်စိထဲမှာ
"ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး မိဘပြည်သူ ၀ိုင်းဝန်းပေး"
ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို မြင်ယောင်လိုက်မိတယ်။ ဟောဟိုဖက်က ဟင်းသီးဟင်းရွက်တန်းမှာ ဂျီးဒေါ်ရဲ့ ဘော်ဒါတစု သိုက်သိုက်သိုက်သိုက်နဲ့၊ ဘာတွေပြောနေကြပါလိမ့်။ အံမယ် … တူတော်မောင်သာဂိရောပါလား။

" အခု ဇွန်လ ၁၉ရက် သူ့မွေးနေ့ကျော်ရင် ဒေါ်စုနယ်တွေကို စည်းရုံးရေးဆင်းတော့မယ် ဆို ကိုရင်သာဂိ"

"ပြည်ပမီဒီယာသတင်းတွေထဲမှာ အဲလိုကြားတာပဲဗျ"

" ဟယ် … ဒေါ်စုကို ဒီပဲယင်းတုန်းကလို တခုခုလုပ်မှာ စိုးရိမ်လိုက်တာ။ နယ်တွေကို ခရီးမထွက်လို့ကော မရဘူးလား"

" လူထုခေါင်းဆောင် ဆိုတာ အန္တရာယ်ရှိလည်း လူထုထဲကို ဆင်းရမှာပဲ တဲ့"

"အင်းနော်။ တကယ်တော့ ဒို့လူထုကလည်း ကိုယ့်ခေါင်းဆောင် ဒေါ်စုကို မြင်ချင် တွေ့ချင်ကြတာမှ အရမ်းပါပဲ။ စိုးရိမ်တာက တပိုင်းပေါ့လေ"

"ဒေါ်စု ဒို့ဆီလာရင်တော့ ဒို့တွေ ကြိုဆိုကြမယ်ဟေ့။ အဲဒီနေ့ ရှိသမျှအလုပ် အကုန် ပစ်ထားလိုက်မယ်။ ထမင်းမစားရ မစားရ"

"ဟဲ့သာဂိ။ နင်က ဂျာနယ်တွေ သတင်းစာတွေ ထုံးလိုချေ ရေလိုနှောက်လို့ မေးရဦးမယ်။ ဂျာနယ်တွေထဲမှာ မထည့်မနေရ ဆောင်းပါးတွေထဲကနေ ဒေါ်စုခရီးစဉ်နဲ့ ပတ်သက်ပြီး သတိပေးသလိုလို ခြိမ်းခြောက် သလိုလိုတွေနဲ့ … ရပ်ရွာ တည်ငြိမ် အေးချမ်းရေးကို မထိပါးဖို့တို့ ဘာတို့တွေ ပြောနေတယ်ဆို"

"အေးဗျာ၊ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးဆိုတဲ့ စကားလုံးကြီးကတော့ သူတို့ လိုရင်လိုသလို အဓိပ္ပါယ်ဖွင့်လို့ရတဲ့ စကားလုံးကြီးကိုဖြစ်လို့။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတာ သူတို့ အရေးယူချင်တဲ့အခါ ယူနိုင်အောင် အရှင်ထားတဲ့ စကားလုံးတွေပါဗျာ။ ဒေါ်စုနယ်ခရီးထွက်ရင် လူထုက တခဲတနက်ကြိုဆိုကြတော့မယ်။ ဒါကို သူတို့ကြောက်လို့ ကြိုကာတွေ လုပ်နေတာ"

"ဟင် … ဒါနဲ့များ ဒေါ်စုကိုသာမန်အရပ်သူတယောက်လို့ပဲ သဘောထားတယ်ဆို"

" ဦးဝင်းတင်ကတော့ လိုင်းချထားတယ်ဗျ။ `သ´ သုံးလုံး။ သတိ
ရှိရမယ်။ သတင်းတွေ စုဆောင်းရမယ်။ သဘောထားတခု ရှိရမယ်။ သဘောထား ဆိုတာက အချုပ်ပြောရရင် ဒေါ်စုရဲ့ လုံခြုံရေးကိစ္စအ၀၀ဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအပေါ်မှာ လုံးဝတာဝန်ရှိတယ် ဆိုတဲ့ သဘောထားကို ကိုင်စွဲရမယ်"
"ဟဲ့ … သတိရှိရမယ် ဆိုတော့ ဒေါ်စုလုံခြုံရေးအတွက် လမ်းဘေးကကွမ်းယာဆိုင်တွေ ဘာတွေညာတွေ နေရာရွှေ့ထားရမလား။ သစ်ပင်တွေ ဓါတ်တိုင်တွေအောက်ခြေကို ထုံးသုတ်ထားရမလား။ လမ်းပေါ်မှာ ခရီးသွားနေတဲ့ကားတွေ စက်ဘီးတွေ ဆိုင်ကယ်တွေ ဟိုလေယျာဉ်ပျံတွေကို လမ်းဘေးချရပ်ခိုင်းတာတို့၊ အများပြည်သူပိုင်လမ်း တွေပိတ်ထားတာတို့ လုပ်ကြရင် မကောင်းဘူးလား"

" ထပ်သရီး … ဂျီးဒေါ်ရယ်။ အဲဒါလူထုကို ဖိနှိပ်ခဲ့လို့
လိပ်ပြာမလုံတဲ့အာဏာရှင်တွေ ခရီးသွားရင်လုပ်တတ်တဲ့ လုံခြုံရေးအစီအစဉ်တွေဗျ။ ကျုပ်တို့လူထုခေါင်းဆောင်ကတော လူထုထဲကိုဆင်းတဲ့အခါ အဲလိုလူထုကိုနှိပ်စက်တဲ့နည်းတွေနဲ့ လုံခြုံရေးသတိ ရှိမှာ မဟုတ်ဘူး။ လူထုရဲ့မေတ္တာကိုခြုံပြီး သတိနဲ့သွားမှာ။ လူထုကလည်း နားမျက်စိတွေဖွင့်ပြီး သတိနဲ့စောင့်ရှောက်ကြရမှာ"

" သိပါဘူးတော်။ ဟိုမှာ ကိုတောက်တဲ့ကြီး ပါလား။ သူက NLD ဘာစည်း
ဆိုလား ညာစည်းဆိုလား … ရုံးချုပ်မှာ သင်တန်းတွေ ခဏခဏ သွားတက်နေရလို့ မမြင်တာတောင် အတော်ကြာပြီ"

" ဗျို့ ကိုတောက်တဲ့ … ဒေါ်စုခရီးစဉ်ရှိတယ်ဆို။ ကျုပ်တို့ပြည်သူတွေ ဘာတွေ ပြင်ဆင်ထားရမလဲ ဗျ"

"အော် … အေးဗျာ၊ ကျုပ်လဲ အခုရက် ကွန်ယက်တွေ တခုပြီးတခု ယက်နေရလို့ မအားဘူးဗျ"

"ဟင် !!! ကိုတောက်တဲ့ ဘာငါးတွေဖမ်းမလို့ ကွန်ယက်တွေဖွဲ့နေတာလဲ တော့"

"ရတဲ့ငါး ဖမ်းတာပေါ့ဗျာ။ အဲလေ … မှားလို့။ ဒေါ်စုက ကွန်ယက်ဖွဲ့ဖို့ အားပေးနေတော့ ဖွဲ့သမျှကွန်ယက်မှာ လိုက် ပါ နေရတယ်။ အဲဒါအတွက် သင်တန်းတွေလဲ တက်ရဦးမယ်။ သွားမယ်ဗျာ။ ဒေါ်စု လာခါနီးတော့ ခင်ဗျားတို့ကို ခေါ်မယ်"

" နေပါဦးဗျ။ ကိုတောက်တဲ့ … ဒေါ်စုလာခါနီးရင် ကျုပ်တို့မြိုက ၉၀ခုနှစ် NLD လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကိုလဲ အသိပေးကြပါဦးနော်။ ဒီလူကြီးတွေဗျာ ပြည်သူနဲ့ ပါတီကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့တာ။ ခုထိလဲ ကျန်းမာရေးမကောင်းတဲ့ကြားက အဖွဲ့ရဲ့ရပ်တည်ချက်တွေကို ထောက်ခံရင်း၊ ၉၀ ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် ခိုင်ခိုင်မာမာ ရပ်တည် နေကြတာပဲ"

" ဟင် … ကိုသာဂိ။ အဲဒီအဖိုးကြီးတွေ အသက်ထင်ရှားရှိသေးလို့လား။ အေးဗျာ… ကျုပ်လဲ ကွန်ယက်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့၊ နောက်ပြီး အဲဒီအဖိုးကြီးတွေကို ကျုပ်တို့ပါတီရဲ့ "ငါ့လူမဟုတ်အဖွဲ့ကထုတ်" ဆိုတဲ့ကာလမှာ အဖွဲ့ကထုတ်ပယ်ထားတာဗျ။ အပေါင်းအသင်းမလုပ်ရဲတာ ကြာတော့ သတင်းအဆက်ပြတ်နေတာ"

"အဲဒီတုံးက ဒေါ်စုတို့၊ ဘဘဦးတင်ဦးတို့တောင် အထုတ်ခံကြရတာလေ။ဒေါ်စု ပြန်လွတ်လာတော့ အားလုံးကို ပြန်စုစည်းခဲ့တာပဲ။ ဒါပေမယ့် နယ်တွေမှာတော့ ဒေါ်စုနောက်ကွယ်ရောက်သွားတာနဲ့ အခြေအနေတွေက တမျိုးဖြစ်ခဲ့တာတဲ့။ ဒီဖြစ်ရပ်မျိုးတွေက အများကြီးဆိုပဲ။ ထားပါတော့လေ။ ခင်ဗျားတို့ပါတီတွင်း ကိစ္စ။ ဒါပေမယ့် ကျုပ်တို့ပြည်သူတွေမဲပေးထားတဲ့ ကိုယ်စားလှယ်ကြီးတွေကို ဟိုတဖက်က ဖျောက်ဖျက်ပစ်စေချင်နေတဲ့ကြားထဲ ကိုယ့်အချင်းချင်းကတော့ လျစ်လျှူ မရှူသင့်ဖူးပေါ့ဗျာ။ တိုင်တိုင်ပင်ပင်လုပ်တာ မြင်ချင်တာပါ။ ၉၀ရလဒ်ဆိုတာ ၈၈ရဲ့ အောင်သီးအောင်နှံတွေပါ။ အေးပါဗျာ … ဘာပဲဖြစ်ဖြစ် ကျုပ်တို့ပြည်သူတွေကတော့ ဘာလုပ်ပေးရမလဲ ဘာလုပ်ပေးနိုင်မလဲ ဒါပဲမျှော်နေတယ်။ `သ´ သုံးလုံးထဲက သတင်း အချက်အလက်တွေ ရှာဖွေပေးတာ ပဲဖြစ်ဖြစ်ပေါ့နော် … ကိုတောက်တဲ့"

" ကိုသာဂိရေ … စိတ်မပူပါနဲ့။ သတင်းတွေစုဆောင်းဖို့ကလည်း ကျုပ်စီစဉ်ပြီးသားပါဗျ။ ဘဘဦးဝင်းတင်တို့၊ ဒေါ်စုတို့ မလွတ်ခင် ကွန်ယက်တွေ ခေတ်မစားခင် "ပါတီရပ်တည်ရေး ခေါင်းငုံ့ခံကျွေးကာလ" ကတည်းက ကျုပ်တို့နဲ့ နယ်ခံစရဖတို့ အက်စ်ဘီတို့နဲ့က ကွန်ယက်ဖွဲ့ ပြီးသား။ ကျုပ်တို့ ဘာလုပ်လုပ် သူတို့ကို သတင်းပို့တယ် 'ညှိ' လုပ်တယ်။ နယ်ခရီးတွေ ဘာတွေ သွားရင် လက်မှတ်တောင် သူတို့က ၀ယ်ပေးလိုက်သေးတယ်။ သူတို့ဆီသာ ဘာမဆို သတင်းပေး။ အဲလို ဆက်ဆံရေးကောင်းတာ။"

"အခုလည်း စိုသောလက် မခြောက်စေနဲ့ ဆိုတဲ့အတိုင်း မူလလက်ဟောင်းကွန်ယက်တွေနဲ့ ဆက်ဆံနေတုန်းပဲလား ကိုတောက်တဲ့ကြီးရယ် …"

" သတိ ဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား ကိုရင်သာဂိ။ ကိုရင့်ဘိုးတော်ပြောတဲ့ သတိနဲ့ သဘောထားဆိုတာ ကျနော်တို့မှာလည်း ရှိတာပေါ့ဗျာ။ လက်ရှိလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလက်မှတ်ထိုးကင်ပိန်း ဘာညာဆိုလဲ (ကိုတောက်တဲ့ရေ … ထိန်းထိန်းသိမ်းသိမ်းလုပ်ပါဗျာ …) ဆို ကျုပ်တို့ကလည်း အလုပ်ဖြစ်ရုံ ခပ်ထိန်းထိန်းလေးပေါ့။ အဲဒီတော့ သူတို့ဖက်က သတင်းဘာညာရဖို့ကလည်း မပူနဲ့၊ ကွန်ယက်ဖွဲ့ထားပြီးသား။ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ ဒီက စတာပဲဗျ။ သွားမယ်နော် … သင်တန်းလေးရှိသေးလို့"

တံဆိပ်အကြီးကြီး ထိုးထားသော၊ ပင်နီအင်္ကျီကြီးဖြင့် ခန့်ညားလှစွာသော၊ ကိုတောက်တဲ့ကို ဂျီးဒေါ်တို့အဖွဲ့က ကမန်းကတန်း လမ်းဖယ်ပေးလိုက်ရလေဧ။်။
ဟူး … တော်ပါသေးရဲ့၊ သတိဆွဲပြီး အလေးပြု မခိုင်းသေးလို့။ ။

No comments:

Post a Comment