Saturday, August 6, 2011

who is responsible for the bomb attack?

လိုဏ်ဂူထဲဗုံးခွဲတာ ဘယ်သူလဲ
(မှားတော်ပုံ သုံးခန်းရပ် ပြဇာတ်)
ဂျော်ဒီး
ဇူလိုင် ၉၊ ၂၀၁၁



ဇာတ်ဝင် ခန်း(၁)

ပါ ၀င်သူ များ။ ။
ဘ၀သေ မင်းတြားကြီး

မီးဖယောင်းဂေါင် ကြီး၊
သမီးတော် ရှင်ဂွမ်းဂွိ (၁)(၂)(၃)(၄)

နောက်ခံရှုခင်း။ ။
မင်းတြားကြီးက တစထောင်ဖော့လုံး ရှင်ဘုရင်ခေါင်းပေါင်းကို ဆောင်းလျက် ကျန်သူများအားလုံးက သက်ဆိုင်ရာ နန်းဝတ် နန်းစားများကို ၀တ်ဆင် ထားစေ။

(နောက်ခံကားလိပ်မှာ လိုဏ်ခေါင်း ဂူနံရံအတွင်း ကျောက်သားများ ပုံဖော်ထားစေ)

သမီးတော်(၁)။ ။ (ငိုသံပါနှင့်ပြောစေ) ခမည်းတော်ဖျာ့၊ ခုနှစ် ကျောက်မျက် ရတနာ ပြပွဲမှာ ရှစ်လုံးတို့ ပြောင်ကြီးတို့ လက်ဦးကုန်ပြီ ဖျာ့။ သမီးတော်တို့က သူတို့ အကြွင်းအကျန်တွေမှ ယူရတော့မှာလား ဖျာ့။

မီးဖယောင်းဂေါင်ကြီး။ ။ (ရင်ဘတ် စည်တီးလျက် ပြောစေ) ဟုတ်တယ် မောင်တော်။ ခါတိုင်းဆို ပြပွဲ မဖွင့်ခင် ကတည်းက နှမတော်တို့ စိတ်ကြိုက်အိတ်ထဲ နှိုက် ယူ လာခဲ့တာ။ ခုတော့ သူတို့တွေ ချည်း တလှည့်စီ နှိုက်နေကြတာ ရာဇဂုဏ် ပျက်လှတယ် ဖျာ့။ တော်ကြာ ကိုယ်မွေးတဲ့  မျောက် ကိုယ့်ပြန်ခြောက် ခံနေရ
ဦးမယ်။ ဟိုကောင်ရှစ်လုံးက စိတ်သိပ်ချရတာ မဟုတ်ဘူးဖျာ့။

မင်းကြားကြီး ။ ။ ( စိတ်ရှုတ်ရှုတ် နှင့် ခေါင်းကို စုံကုပ်လိုက်ရာ တစထောင် ဖော့လုံး ခေါင်းဆောင်းကြီး ပြုတ်ကျသွားသဖြင့် ကပျာကယာ ပြန်ဆောင်းလိုက်ရာ ဇောက်ထိုးကြီး ဆောင်းထားမိလျက် အော်ဟစ် ကြိမ်း မောင်းစေ) သယ် တိတ်စမ်း ကွယ်ရို့။ ဒီလောက် ကျောက်မျက်ရတနာ ဒုတ္တာ ပယင်း ပုလင်းကွဲပါမကျန် လည်ပင်း ညွတ်အောင် ရ ထားတာများ မကျေနပ်ကြသေး။ ဒီမှာ ငါကိုယ်တော် စိတ်တော် မရွှင်ပျလို့ ရွှေ စိတ်တော်သိ “အမျိုးသား (သီးသန့်) အဲလေ ကာကွယ်ရေး နဲ့  ငါ့  လုံဂြုံရေး ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ညီလာခံ” ကျင်းပမလို့ ကွဲ့။ သွားကြစမ်း ကွယ်ရို့။

(တခန်းရပ်)

xxx xxx

ဇာတ်ဝင် ခန်း(၂)

ပါဝင်သူ များ။ ။
မင်းတြားကြီး။

အမျိုးသား သီးသန့် ကာကွယ်ရေးနှင့် လုံဂြုံရေး အဖွဲ့ဝင် ၁၁ ဦး (ပုဆိုးဝတ်စစ်စစ် ၁ ဦး။
ပုဆိုးတပိုင်း ဘောင်ဘီတပိုင်း ဖက်ရှင် နှင့် ၅ ဦး၊ ဘောင်းဘီဝတ် စစ်စစ် ၅ ဦး)။

နောက်ခံရှုခင်း။ ။
လူသွေးရောင် (ကြက်သွေးမဟုတ်) ကတ္တီပါ ကားလိပ်ကြီး နောက်ခံထားစေ။

ဂီလာနာထ ပလ္လင်တော်ပေါ်တွင် တစထောင် ဖော့လုံး ဇောက်ထိုးကြီးဖြင့် မင်းတြားကြီး စံပါယ်နေစေ။ မင်းတြားကြီး လက်တော်တွင် ကင်မင်းဆက်ထံမှ ဆန် နှင့် လဲထားသော မျောက်ကိုရီးယား နန်းတွင်း သံလျှက်ကြီး ကို ကိုင်ထားစေ။

ပုဆိုးဝတ်စစ်စစ် တဦးနှင့် ပုဆိုးတပိုင်း ဘောင်းဘီ တပိုင်း ၀တ်(၂)ဦးက စက်ဘီး တာရာ အစုတ်ကြီး တခုစီ ပေါ်တွင် ထုံးဖြူ နှင့် ရေးထားသည့် သမတ ဟူသော စာလုံး သုံးလုံးပါ စလွယ် တခုစီ လွယ်လျက် ``သန့်ရှင်းရေး သန့်ရှင်းရေး´´ ဟု တတွတ်တွတ် ရွတ်ဆိုရင်း အ၀တ်စုတ် တစစီ နှင့် ကြမ်းတိုက်နေဟန်ရှိစေ။
ဘောင်းဘီ ၀တ်စစ်စစ် (၅)ဦးကား အခြား(၆)ဦးထက် နှာတဖျားအသာ အမြင့်တွင် နေပြီး မင်းတြားကြီး အား ခစားနေစေ။

မင်းတြားကြီး။ ။ မောင် မင်းများ။

(၁၁)ဦး ။ ။ ဖလား။

မင်းတြားကြီး။ ။ ကဲ မောင်မင်း စစ်သေနာငပိချုပ်က စတင်ပြီး တိုင်းရေးပြည်ရာများကို လျှောက်တင်စေ။

သေနာငပိချုပ်။ ။ ဘ၀ သေမင်းတြားကြီးရဲ့ ဗုံးတော် အဲ အဲ ဘုန်းတော်ကြောင့် တိုင်းကားပြည်ရွာ ၀ပြော သာယာပုံမှာ ဘယ်ခေတ် အခါ နဲ့ မှ မတူ ဗုံးတကွဲကွဲ သေနတ်သံ မစဲလှကြောင်းပါ ဖလား။ ပြည်သူ အများ စည်ကား ၀ဖြိုး ဒုက္ခ တွေ အပြည့် သယ်ပိုးရင်း နယ်စွန် တောဖျား ပစ်ကနစ် ပျော်ပွဲစားများ ထွက်နေကြယုံ မျှမက အိမ်နီးချင်း တရုတ် ကုလား ယိုးဒယား အထိ ရှော့ပင်းခရီးများ ထွက်နေနိုင်ကြပါတယ် ဖလား။ မြို့ ကြီး မြို့ ငယ် တောနယ် မြိုင်ရပ် မကျန် စားစရာမရှိ ပျော်စရာ အတိပြီးနေသော ကြောင့် တ၀ုန်းဝုန်း တဒိုင်းဒိုင်း ဗျောက်အိုး ဗုံး ဖောက်သံများနဲ့  ဆူညံ နေအောင် ကျွန်တော် မျိုးကြီး တို့က စီမံပေးထားကြောင်းပါ ဖလား။

မင်းတြားကြီး။ ။ အိမ်း ရွှေဘောတော် ကျလှတယ်ဗျား။ ဒါပေသိ ခုရက်မှာ ရတက် မအေးရတာက ဟို အမျိုးသမီး ဘုန်းမီးနေလ တောက်ပ လွန်း နေတာကို ငါ ကိုယ်တော် ရွှေစိတ်တော်ညို မနာလို မစ္ဆရိယ ရှိလွန်းလှတယ်ကွယ်ရို့ ။

ပြည်ထဲဝန် ။ ။ မှန် လှပါ ဖလား။ အခု သူက တိုင်းခန်း တောင် လှည့် လည် ဦး မယ် တဲ့ ဖလား။

မင်းတြားကြီး။ ။ ပြည်သူ လူထု ဆိုတဲ့ သတ္တ၀ါ တွေကလည်း သူ့နောက်ကနေ သိန်းသောင်းချီ လိုက်ပြီး ရုပ်ရုပ်သည်းသည်း ထောက်ခံကြဦးမှာ ငါ ကိုယ်တော် မနှစ် မြို့ တော် မူဘူးကွယ် ရို့။
ပြည် ထဲဝန်။ ။ မှန် လှပါ။ ဘုန်းတော် ကြောင့်ဗုံးများ အတု ရော အစစ်ပါ ချပြီး``တပြည်လုံး အနှံ့ ဗုံး လှန့် ရေး ´´ စီ မံချက် ကို အကောင် အထည် ဖော် နေပါတယ် ဖလား။ နောက်ပြီး ဟိုအမျိုးသမီးကိုလည်း စာပို့ ပြီး ခြိမ်းခြောက် ဟိန်းဟောက်ထားပါတယ် ဖလား။ အဲဒီ အမျိုးသမီးက မကြောက် တတ်မှန်း သိလို့ ကြောက် နေကျ အဖိုးအို ရွတ်တွကြီးဆီပါ ပူးတွဲ စာပို့ထားပါတယ် ဖလား။ ဒါတင်မက ဒဒင်းစာတွေထဲကနေ စောင်းစောင်း ပြီး ရေးနေကြ စောင်းပါးတွေ ရေး ပြီးတော့လည်း ခြိမ်းခြောက်ထားပါတယ် ဖလား။

မင်း တြားကြီး။ ။ အိမ်း ငါကိုယ်တော် ရွှေဘောတော် ကျလှတယ် ကွယ်ရို့ ။

ထိုစဉ်နဖူး ပြောင်ပြောင် သန့်ရှင်းရေး သမတ က မျက်နှာငယ်လေး နှင့်မ၀ံ့ မရဲ လျှောက်တင်စေ။

သန့်ရှင်းရေး သမတ။ ။ မှားလှပါဖလား အဲလေ မမှန်လှပါ ဖလား။ ကျွန်တော်မျိုးကြီး ဘဲကမ္ဘာ ရွာထဲ အမြဲ အလည် ထွက် ရတိုင်း ၀ိုင်း ၀ိုင်း ပြောကြလွန်း လို့ နဖူးတင်မက မျက်နှာရော ဘာရော ညာရော အကုန် ပြောင် နေပါပြီ ဖလား။ အခုဆို နယ်စပ်ဒေသက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး သေနတ်သံတွေ။ နောက် ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိပါဘူးလို့ ခဏ ခဏ လိမ် နေတာ တောင်မယုံကြတာတွေ။ ဟိုအမျိုးသမီးတို့ အဖွဲ့ကို အမျိုးမျိုး နှောင့်ယှက် ခြိမ်းခြောက်တဲ့ ကိစ္စတွေကော အကုန် ကျွန်တော် မျိုး ကြီး ထိပ်ပေါ်ကိုသာ ရောက်ရောက် လာလို့ မရှိတဲ့  ဆံပင်တွေတောင် ပို ပြောင် ကုန် ပါပြီဖလား။ ကြည့်ကျက် ဆုံးမတော်မူပါဦး ဖလား။

ထို အခါစစ်သေနာ ငပိချုပ်ကြီးက မျောက်ကိုရီးယားဝါးဖြင့် အထူး ပြုလုပ်ထားသော လောင်ချာကြီးကို ထုပ်ပြီး သန့်ရှင်းရေး သမတကို ချိန်ပြီး ကြိမ်းမောင်းစေ။

စစ်သေနာငပိချုပ် ။ ။ ဟိတ် တိတ်စမ်း။ ၂၀၀၈ ရဲ့ စစ်ကျွန်ပြု ဥပဒေ အရ အာဏာကော လျှာနာခွါနာပါ သိမ်းပစ် လိုက်ရ။ ရှိတာတွေ ဒီထက် ပြောင်သွားမယ်။ ထိုစဉ်``၀ုန်း´´ ခနဲ ပေါက်ကွဲ သံကြီး ကျယ်လောင်စွာ ကြားလိုက်ရစေ။ ဇာတ်ခုံ တခုံလုံး မီးခိုးလုံးများ ဖုံးလွှမ်းသွားစေ။

(နှစ်ခန်းရပ်)

++++ ++++

ဇာတ်သိမ်း

ပါဝင်သူ များ ။ ။
ဘ၀သေ မင်းတြားကြီး နှင့် အမျိုးသား သီးသန့် ကာကွယ်ရေး နှင့် လုံဂြုံရေး အဖွဲ့ဝင် (၁၁)ဦး။ ( အားလုံး အ၀တ်အစား မရှိဘဲ မီးသွေးတုံး အရောင်ဖြင့် မဲမှောင်နေအောင် ခြယ်သ ထားစေ)

နောက်ခံ ရှု ခင်း။ ။
ကြောက် မက်ဖွယ် ငရဲခန်းများရေးဆွဲ ထားသောကားလိပ် ကို နောက်ခံထားစေ။
(၁၂ ဦး စလုံး ဇာတ်ခုံ ဟိုဖက်ဒီဖက် သွေးရူး သွေးတန်း ပြေးရင်း ကယောင် ခြောက်ခြား အော်ဟစ် ညည်းတွားနေစေ)

မင်းတြားကြီး။ ။ ``စစ်ခုံရုံး တင်ခံရ မှာ ကြောက် လို့ တွင်းအောင်းပြီး နေနေတာကို ခုတော့ လိုဏ်ဂူ ထဲ လာပြီး ဗုံး ဖောက်ခွဲ လို့ မာလက ဈန်ကြွ ငရဲကို စုတေရပါပေါ့။ သယ် ပြည်ထဲရေးဝန်စုပ် ဘယ်ချောင်ကုပ် နေတာလဲ။ ဖော်ထုပ်စမ်း။ ငါးလောင်းပြိုင် လူသတ်မှု တရားခံဖော်သလို။ ဒဒင်းစာ ရှင်းလင်းပွဲတွေမှာများ ဗုံးခွဲတရားခံတွေ ဖော်ထုပ်ထား လိုက်တာ စုံထောက်ဝတ္တု တွေ ဖတ်နေရသလိုဘဲ။ ပြောစမ်း ဒီ ဗုံးဖောက်ခွဲတာ တရားခံ ဘယ်သူလဲ KNU လား KIA လား SSA အရှေ့  အနောက် တောင် မြောက် လား ABSDFZZZZ လား။

ပြည်ထဲဝန်။ ။ (ငိုချင်းချလျှက် လျှောက်တင်စေ) အံမယ်မင်း တပည့်  မလိမ္မာ ဆရာ အသက်ပျောက် စီမံကိန်းပါဖလား။ ဗုံး အတုအစစ်တွေ ဟိုနေရာဖောက်လိုက် ဒီနေရာ ခြောက်လိုက် လုပ်ရလွန်း လို့ မျက်စိ မှောက်ပြီး ကျွန်တော် မျိုးကြီးတို့ လျှိ့ ဝှက် အစည်းအဝေး ခန်းမကို လူမနေတဲ့ လိုဏ်ခေါင်းနဲ့ မှားပြီး အီးအီးအီး ပြင်းအား တစ်သိန်း ဒသမ ကိုးကိုး ရှိတဲ့ မျောက်ကိုရီးယား ရုရှား ကုလား တရုတ် လေးမျိုးစပ် အထူးဗုံးကြီးကို မှား ဖောက်မိကြောင်းပါ ဖလား။

(ဗျိုင်းတောင် တီးလုံး တီးပြီး ကားလိပ်ချစေ)

(သုံးခန်းရပ်)

No comments:

Post a Comment