Sunday, February 26, 2012

Gyaw Dee - No Turning Back

နောက်ကြောင်းပြန်မလှည့်ကြေး နော် ဗိုလ်ဖင်တွန့်
(စိန်)ဂျော်ဒီး၊
ဇန်န၀ါရီ၊ ၁၇၊ ၂၀၁၂


ကန်းစွန်းရွက်က တစ်စည်းတစ်ရာကနေ နှစ်ရာဖြစ်သွားတယ်။ ဆီ၊ ဆား၊ ငရုတ်ကြက်သွန် အကုန်ဈေးတက်တာချည်းပဲ။ ဆီသည်ကို မေး ကြည့်တော့လဲ အာစီယံစံနှုန်းနဲ့အညီ တက်တာတဲ့။ ကားတွေကို အာစီယံစံနှုန်းနဲ့အညီ တန်ချိန်သတ်မှတ်လို့ ကားခတွေ ဈေးကြီးလို့ သယ်ယူပို့ ဆောင်ခတွေတက်လို့ပါတဲ့။ မြတ်စွာဘုရား .... တို့ရွှေပြည်ကြီး အာစီယံဥက္ကဌအလှည့်ကျကာမှ ဂျီးဒေါ်တို့ကုန်ဈေးနှုန်းတွေလဲ အကုန်အာစီယံနေပါလား။ နေပါဦး ဒေါ်ဆိတ်မရယ်.. ကန်စွန်းရွက်ကကော အာစီယံစံနှုန်းနဲ့အညီဈေးတက်တာလားဆိုတော့ မီတာခတွေ ဈေးတက်လို့ မီးရထားခတွေဈေးတက်လို့တဲ့တော်။

ဂျီးဒေါ်တယောက် အာစီယံစံနှုန်းနဲ့အညီ စားသောက်နေထိုင်နေရတဲ့... သူ့အာစီယံခန္ဓာကိုယ်ကြီးကို အာစီယံစံနှုန်းဖြင့်အညီ တလိမ့် လိမ့် လျှောက်လာတုံး ရှေ့တည့်တည့်မှာ ဘယ်ခွေးမှ လူမထင်ဟန်၊ တင်းမာခက်ထန်သောမျက်နှာထားဖြင့်  ခပ်ကြွားကြွားလျှောက်လာသူ တဦးကိုတွေ့လိုက်ရာ ကမန်းကတန်း လမ်းဖယ်ပေးလိုက်ရတယ်။ အလို .. မကြာသေးခင်ကမှ လွတ်ငြိမ်းသက်သာလား၊ ချမ်းသာလား ဘာမှန်းမသိသော နိုင်ငံတော်သမတကြီးရဲ့စေတနာနဲ့လွတ်လာတဲ့ ထောက်လှမ်းရေးဗိုလ်ပြုတ်မှူးကြီး ဖင်တွန့်ပါလား။ ထောက်လှမ်းရေးပီပီ မျက်လုံးက ဂျီးဒေါ်လက်ဆွဲခြင်းထဲမှာပါလာတဲ့ပစ္စည်းတွေကို မလိုတမာကြည့်ရင်း အကျင့်မပျောက်သေးတဲ့ လေသံမာမာနဲ့ ....

“ဂျီးဒေါ် .. ဘာတွေဝယ်လာတာလဲ။ ဓာတ်ခဲတွေက ဘာလုပ်ဖို့လဲ။ ဖောက်ခွဲရေးသင်တန်းတက်လာတာလား။ ဟို ..ရေဒီယိုတွေက ထုပ် တဲ့လေပုပ်ထုပ်ဆေးတွေ နားထောင်မလို့လား”

သူ့လေသံနဲ့အချိုးကိုကြည့်ပြီး ဂျီးဒေါ် နဲနဲတင်းသွားတယ်။

“ဟေ့ ငါ့ဘာသာ ဓာတ်ခဲဝယ်လာတာကို ဘာစာရင်းလာရှုပ်တာလဲ။ နာရင်းအအုပ်ခံချင်လို့လား။ စစ်အာဏာရှင်ခေတ်လို ကလိမ်စေ့ငြမ်းဆင် ပြီး ဓာတ်ခဲတွေ့တာနဲ့ ဖောက်ခွဲရေးသမားလုပ်၊ အမှုဆင်မလို့လား။ ခေတ်ပြောင်းသွားပြီ။ ဒီမိုကရေစီခေတ်ကွ။ လွှတ်တော်နဲ့ သမတနဲ့ နေတာ။ နိုင်ငံတော် သမတကြီးကတောင် ပြည်သူ့အသံကို တလေးတစားနားထောင်တဲ့ခေတ်။ နင်တို့ ဆရာတောင် အခု ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးချင်ဟန်ဆောင် ...အဲလေ ... ကျိုးနေပြီ။ တရားစခန်းဝင်တော့မယ်တဲ့။ သိလား ..။ သွားးးးး နင်တို့က သူများထက် အကုသိုလ်ပို များတယ်။ တရားများများထိုင်။ ဒါမှ ငရဲကြီးရှစ်ထပ်မှာ အဆင့်မြင့်မြင့်လေးနေနိုင်မှာ” လို့ ဟောက်ပစ်လိုက်တယ်။

ဘာရမလဲ ... ဂျီးဒေါ်ကို လာစမ်းလို့။ အရင်လို ရိုးရိုးအအ အဖိနှိပ်ခံပြည်သူ့နင်းပြား ဂျီးဒေါ်မဟုတ်တော့ဘူးနော်။ ပြည်သူကို လေးစားရတဲ့ အာစီယံဒီမိုကရေစီစံနှုန်းနဲ့နေတဲ့ အာစီယံဂျီးဒေါ်ဟေ့ ...။ ထိုစဉ် တူတော်မောင်သာဂိရောက်လာပြီး ....
“ဟာ ဂျီးဒေါ်ရာ ဒီကောင်မျိုးတွေ ဆေးဖော်ကြောဖက်လုပ်မနေနဲ့။ စကားလေးတောင် သွားမဟနဲ့ဗျ။ သူတို့အကုသိုလ်တွေက ကြီးတယ်။ လာလာ အရှိန်ဟပ်ပြီး ပါနေဦးမယ်။ အဖော်ကောင်းလို့ ငရဲလိုက်ချင်သူတွေသာ သူတို့နဲ့ပေါင်းလိမ့်မယ်။ တိုင်းသူပြည်သားတွေကို ထင်သလို လူမဆန်အောင် နှိပ်စက် ဖမ်းဆီး၊ သတ်ဖြတ် အကောက်ကြံထားတဲ့ အကုသိုလ်တွေက နဲမှတ်လို့”

ဂျီးဒေါ်တို့တူအရီးနှစ်ယောက်စကားကြောင့်  ဗိုလ်ပြုတ်မှူးဖင်တွန့် သုတ်ခြေတင်သွားလေပြီ..။ ဂျီးဒေါ်တို့ တူအရီး .. စကားတပြောပြော နဲ့ လျှောက်လာရင်း ဂျီးဒေါ်က ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြရာ ...

အေးဗျာ ...သူတို့ထောက်လှမ်းရေးတွေ မိုးကောင်းတဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ ပြည်သူတွေကို ထင်သလို နှိပ်စက်သတ်ဖြတ်၊ အမှုတွေဆင်ပြီးဖမ်းခဲ့တာ။ အခုကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ သူတို့မတရားအမှုဆင်ပြီး ဖောက်ခွဲရေးအမှုတွေနဲ့ ဖမ်းခံရသူတွေ မပါသေးဘူးဗျ။ သူတို့ကတော့ အကုန်ပြန်လွတ်နေတာ သိပ်တော့တရားနည်းလမ်းမကျသေးဘူး။ တကယ်ခေတ်ပြောင်းပြီဆို ရင် အပြစ်မဲ ဖမ်းဆီးခံနေရသူတွေကို လွှတ်ပေးသင့်တယ်ဗျ။”
“အေးလေ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေကို ထောက်ဒဏ်ချခဲ့တာရော၊ ဘာတဲ့ ကွန်ပျူတာနဲ့ရေးတဲ့စတစောင်ကို ၁၅ နှစ်နှုန်းနဲ့ စာလေးစောင်အတွက် နှစ် ၆၀ ချခဲ့တယ်တဲ့။ သတင်းထဲမှာ မနေ့က နားထောင်လိုက်ရတာ။ မတရားပြစ်ဒဏ်တွေချတာမို့ ကမ္ဘာကတောင် မနေသာပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရယ်၊ ပြည်သူတွေရဲ့တောင်းဆိုမှုတွေရယ်ကြောင့် ပြန်လွှတ်ပေးလိုက်ရတာ။ ဒီမိုကရေစီအစိုးရလို့ နာမည်ခံပြီး လူလူသူသူ အသိအမှတ်အပြုခံချင်ရင်တော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရပ်ပြီး ပြုပြင်သင့် လုပ်သင့်တာတွေ ဆက်လုပ်ရမှာပေါ့နော်”

“အလဲ့ ... တို့ဂျီးဒေါ်လဲ အာစီယံစံနှုန်းနဲ့အညီ အတော်တိုးတက်လာပြီကွ”
“အံမယ် ငါက နင်ပြောလို့ ဂျာနယ်တွေလဲဖတ်တယ်၊ သတင်းတွေလဲ နားထောင်တယ်။ ကွန်ပျူတာသင်တန်းတက်ပြီး အင်တာနက်တောင် သုံးမလားလို့။ တော်ကြာ စစ်အာဏာရှင်လက်အောက်က တရားစီရင်ရေးမှာ တရားသူကြီးတွေက အီးမေးလ်အကောင့်ဆိုတာ ဘာမှန်းမသိပဲ တရားစီရင်သလိုဖြစ်နေမှာစိုးလို့ ... ဟဲ ဟဲ”
“တကယ်တော့ အဲဒါလဲ စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးကွန်ယက်တွေနဲ့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ခွစီးခံရတဲ့ဖြစ်ရပ် ပဲလေ။ တရားဥပဒေရဲ့အထက်မှာ စစ်ထောက်လှမ်းရေးတွေ ကြီးစိုးခဲ့လို့ ဖြစ်ခဲ့တာတွေဗျ။ ပြီးတော့ ထောင်တွေထဲမှာလည်း နိုင်ငံရေးအ ကျဉ်းသားမရှိပါဘူးသာပြောတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို “သီးလုံ” ဆိုပြီး သာမန်အကျဉ်းသားတွေထက် အခွင့်အရေးတွေ ကန့်သတ်ဖိနှိပ်ခဲ့တာတွေ၊ ဒါတွေအားလုံး ဒင်းတို့လက်ချက်တွေချည်းပဲ”
“အင်းနော် ... ဟိုနေ့ ရေဒီယိုသတင်းတခုထဲမှာ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောသွားတာ ကြားလိုက်တယ်။ သူတို့ကို ထောင်နှစ်ရှည်ချခဲ့တဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ စီရင်ထုံးတခုဖြစ်တယ်တဲ့”

“အေးပေါ့ဗျာ ... မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို အမည်းစက်စွန်းထင်းခဲ့တဲ့ စီရင်ထုံးတခုပဲဗျ။ အဲဒီလို မတရားစီရင်ထုံးတွေဟာ စစ် အာဏာ ရှင်အဆက်ဆက်မှာ အများကြီးရှိခဲ့တယ်။ ခံရသူတွေအတွက် အသက်စွန့်ခဲ့ရတယ်။ ဘ၀တွေပျက်ခဲ့ရတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ အဖက်ဖက်က နစ်နာခဲ့ရတယ်”
“အင်းနော် ..။ ဒီအဖြစ်အပျက်တွေကို တော်ရုံတန်ရုံလူတွေ ဘယ်လို သင်ပုန်းချေနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေကတော့ သဘောထားကြီးပါတယ်။ ဘယ်တုန်းကမှ သူတို့ရဲ့နာကျင်မှုတွေကို ဗန်းတင်မနေကြဘူး။ တိုင်းပြည်ကောင်းကျိုး ရှေးရှုပြီး စွန့်လွှတ်စွန့်စားခဲ့ကြတယ်။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့ကို တခဲနက်ထောက်ခံကြတာပေါ့”

“အင်းးးးးးးခံရတဲ့လူတွေက တိုင်းပြည်အကျိုး ရှေ့ရှုပြီး သင်ပုန်းချေတယ်ပဲထားဦး။ မြန်မာ့တရားစီရင်ရေးရဲ့ အမည်းစက်တရားစီရင်ထုံးမျိုး တွေကိုတော့ ဒီမိုကရေစီအစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ပြန်လည်သုံးသပ်သင့်ပြီ။ ပြင်ဆင်သင့်တာတွေ ပြန်လည် ပြင်ဆင်သင့်ပါပြီဗျာ။ ဂျီးဒေါ်ပြောတဲ့ အာစီယံစံနှုန်းနဲ့လဲ မညီ၊ ရှက်စရာကောင်းပါတယ်ဗျာ”

“ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးကို လွှတ်တော်ထဲကနေ ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲဝင် တာလို့ပြောတာနော်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုလား ...၊ တို့ပြည်သူတွေက သူ့ကို ၀ိုင်းရံရမယ်ပေါ့ ...။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အောင်နိုင်ရေးအတွက် ထောက်ခံရမယ်ပေါ့ ဟုတ်လား”
“အင်းးးး ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မထောက်ခံတဲ့အတွက် ဒီဖွဲ့စည်းပုံကို အခြေပြုတဲ့ ဒီရွေးကောက်ပွဲကိုတော့ သိပ်အားမပေးချင် ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒီနည်းလမ်းနဲ့ ဒီအခြေခံဥပဒေကိုပြင်ဖို့ ရွေးချယ်ခဲ့တာဆိုတော့လဲ တိုင်းပြည်ကောင်းကျိုး ဆောင်မယ့် ဒေါ်စုရဲ့လုပ်ရပ်တွေကို ၀ိုင်းရံရဦးမှာပေါ့ဗျာ။ နောက်ပြီး ဒီတခါမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ မသာမှုတွေ မရှိအောင်လည်း အားလုံးသတိရှိရမယ် ထင်တယ်ဗျ”

“ငါတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အနိုင်ရသွားတဲ့အခါ အာဏာခွဲဝေမပေးချင်တာနဲ့ နောက်ပြန်လှည့်တာမျိုး မလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”
“အဲဒါကို ကျနော်တို့ပြည်သူတွေရယ်၊ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာတွေရယ်၊ ကမ္ဘာ့ပြည်သူတွေရယ်၊ မျက်ခြည်မပြတ်စောင့်ကြည့်ရမှာပေါ့။ လိုအပ်ရင် ပြည်သူတွေရဲ့အသံကို ပြည်သူတွေကိုကိုယ်စားပြုထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေသိအောင် သတ္တိရှိရှိ တာဝန် သိသိ လုပ်ပေးရမယ်”

“ဒါဆို တို့ပြည်သူတွေကလည်း လွှတ်တော်ပြင်ပကနေပြီး တိုင်းပြည်အကျိုး ပြည်သူလူထုရဲ့အကျိုးတွေအတွက် လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုလား လုပ်ဖို့တာဝန်ရှိတာပေါ့နော်”
“ဟုတ်တာပေါ့ဗျာ။ ဒါနဲ့ဟိုတနေ့က ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသုံးသွားတဲ့ အသုံးအနှုန်းလေးတခု ဂျီးဒေါ်သတိထားမိလား”

“ဘာလဲ ပြောပါဦးသာဂိရဲ့”
“သူက ပြောနေကျ လွှတ်တော်တွင်းနိုင်ငံရေးဆိုတာကို ကိုယ်စားပြု ဒီမိုကရေစီတဲ့။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာကို တိုက်ရိုက်ဒီမိုက ရေစီတဲ့။ သူဆိုလိုချင်တာက ပြင်ပဆိုတဲ့စကားလုံးကို သုံးချင်ဟန်မတူဘူးဗျာ။ ပြင်ပဆိုရင် ဥပဒေပြင်ပကလိုလို သဘောထား တင်းမာ သူတွေလိုလို တင်တတ်ကြ သတ်မှတ်ကြတာကိုး။ နောက်ပြီး ပြီးခဲ့တဲ့ ဧရာဝတီမြစ်ဆုံဆည်ကိစ္စမှာ ပြည်သူတရပ်လုံးရဲ့ တက်ညီလက်ညီ လှုပ်ရှားကြတာကို လွှတ်တော်ပြင်ပက နိုင်ငံရေး၊ တနည်းအားဖြင့် ပြည်သူက တိုက်ရိုက်သက်ဆင်းတဲ့ တိုက်ရိုက်ဒီမိုကရေစီ အဖြစ် ဥပမာ ပေးပြောသွားတာဗျ”

“ဒါဆို..တို့ပြည်သူတွေကလည်း ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို အသုံးပြု ပြီး တိုက်ရိုက်ဒီမိုကရေစီနဲ့ တိုင်းပြည်အကျိုးကို ၀ိုင်းဝန်းနိုင်တာပေါ့နော်..”

ဂျီးဒေါ်တို့တူအရီး စကားကောင်းနေစဉ် .. ဗိုလ်ပြုတ်မှူး ဖင်တွန့်က.. ခုနနဲ့မတူတဲ့ အပြုံးအတုတခုတပ်ဆင်ပြီး ဂျီးဒေါ်တို့အနားကို ပြန် ချဉ်းကပ်လာပြန်ပါတယ်..။

“ဟဲ..ဟဲ နေကောင်းကြတယ်နော်..။ ကျနော် လမ်းပြပေးရဦးမလား”

သူ့အချိုးက နဲနဲပြောင်းလာပုံရလို့ ဂျီးဒေါ်က အားနာယောင်ယောင်ပြုပေမယ့် သာဂိကတော့
“ကဲ..ကိုယ့်လူ..အချိုသပ်ပြီး ဒီမှာလာရှုပ်မယ်မကြံနဲ့။ ဂျီးဒေါ်နော် ယောတောယောင်တောင် သွားလုပ်မနေနဲ့။ အဖော်ကောင်းလို့ ငရဲပါ သွားဦးမယ်။ ခင်ဗျားလဲ သွားဗျာ။ ဘာလမ်းမှပြစရာမလိုတော့ဘူး။ ခင်ဗျားဒုက္ခပေးခဲ့တာတွေများပြီ။ ကိုယ့်ဘာသာ တရားပဲအားထုပ်ထုပ်။ တရုတ်ပဲ အားထားထား။ သွားဗျာ...သွား...သွား”

ဗိုလ်ဖင်တွန့်က သနားစရာမျက်နှာပေးလေးနဲ့
“အိုးးး မရှုပ်ပါဘူး..ဗျာ။ ရှုပ်မယ်ဆိုရင်လည်း မီဒီယာကတဆင့်ရှုပ်မှာပါ။ အခုလောလောဆယ် ရုပ်ရှင်မင်းသားလုပ်မလားလို့ အိုက်တင် ကျင့်နေတာပါ´´

“ခင်ဗျားကာရိုက်တာနဲ့ဆို ဗီလိန်ခန်းကပဲရမယ်ဗျို့။ ဗီလိန်ခန်းကပါရင်တောင် အဲဒီရုပ်ရှင်ကြည့်မယ့်သူ့ရှိမှာမဟုတ်ဘူး။ ပြည်သူ့ရဲ့ဒဏ် ခတ်မှုကို ဒီထက်ပိုမခံရခင်...စိတ်လျှော့ ..စိတ်လျှော့ ..”

No comments:

Post a Comment