Saturday, November 7, 2015

မဲညစ်ကြီးလည်း မောင်းထုမှာ..မဲသူခိုးကြီးလည်း မောင်းထုတ်မှာ

မိုးမခ မိုးမခရွာသားကလေးငယ်များ အလွန်ပျော်ရွှင်နေကြသည်..။အဘယ်ကြောင့်ဆိုသော်၂၀၁၅ ကား သူတို့အတွက် အလွန်ထူးခြားသည့်နှစ်တနှစ်ဖြစ်လေသည်..။မိုးမခရွာထောင်စု ရွေးကောက်ပွဲကြီးကျင်းပမည့်နှစ် ဖြစ်လေရာ..ပါတီအသီးသီးဧ။် မဲဆွယ် စည်းရုံးပွဲများဖြင့် တရွာလုံး အုံးအုံးကြွက်ကြွက်စည်ကား ဆူညံနေခဲ့လေသည်..။ကလေးများအတွက် တော့.. ပျော်စရာပွဲတော်ကြီးပင်တည်း..။သို့သော်..နက်ဖန်တွင် ရွေးကောက်ပွဲစတင်တော့မည်ဖြစ်ရာ..ပါတီအသီးသီးဧ။်မဲဆွယ်ဖျော်ဖြေသံများ ရွေးကောက်ပွဲအကြိုနေ့တွင်..တိတ်ဆိတ်သွားလေသည်..။ကလေးများမှာ.. မနေတတ်မထိုင်တတ်ဖြစ်ကာ ..သူတို့ဆုံနေကျ မိုးမခပင်ကြီးအောက်တွင် စုရုံး ရောက်ရှိနေကြပြီး..မဲဆွယ်ပွဲများမှ ဖျော်ဖြေမှုများကို ပြန်လည်စမြုံ့ ပြန်နေကြလေသည်..။ “မော်ဒယ်တွေ..အဆိုတော်တွေ…ဓါတ်ရှင်မင်းသားမင်းသမီးတွေကို ခုမှပဲ အရှင်လတ်လတ်မြင်ရသကွာ” ရန်နောင်က သူ့ကိုယ်လုံးသေးသေးလေးကို စည်းချက်ကျကျ..လှုပ်ရမ်းယိမ်းနွဲ့ရင်း အားရပါးရ ပြောလိုက်သည်..။ ဇာနည်ဝင်းကတော့..မျက်နှာကို ခပ်တင်းတင်းမော့လိုက်ရင်း..ဂုဏ်ယူဝင့်ကြွားလိုက်သည်..။ “ဟေ့…ဟိုအစိမ်းသရဲပါတီကြီးရဲ့  မဲဆွယ်ပွဲတွေမှာ.... ပါတီမူဝါဒတွေကို ပွင့်လင်းမြင်သာဖွင့်ချပြတဲ့..ပွင့်လင်းမြင်သာဇာနှစ်ဇာ..ဆိုတဲ့ မော်ဒယ်နှစ်ယောက်က ငါတို့အမျိုး..ဇာမျိုးနွယ်တွေကွ..။..သက်လား” ချမ်းမြက..မြေကြီးပေါ်တွင် တုတ်တချောင်းနှင့် ဟိုဟိုဒီဒီ ခြစ်ရင်း .. “ငါ့ ပုံတွေတော့ အင်တာနက်မှာပျံ့ နေတယ်တဲ့ကွာ..။ငါက ကလေးဆိုတော့ အနီရောင်ကြိုက်တယ်လေ..။ အဲဒါကြောင့် အနီရောင်ခေါင်းစည်းဝတ်..။တကိုယ်လုံး..အနီရောင်စတစ်ကာတွေ ကပ်လိုက်တာ.။ အ၀တ်အစားတောင်..၀တ်စရာမလိုတော့ဘူး.ကွ.။အဲဒါကိုကွာ..မိုးမခအထောက်တော်ဂျော်ဒီးက..ငါ့ပုံကို ဓါတ်ပုံရိုက်ပြီး.မိုးမခအင်တာနက်စာမျက်နှာကနေ..“အနီရောင်ရင်ခွင်ပိုက်သမတလောင်းကလေး..”ဆိုပြီး တင်လိုက်တယ်တဲ့ကွာ..။ငါ့ကို ခွင့်ပြုချက်တောင် မတောင်းဘူးကွ..။ကလေးအခွင့်အရေးချိုးဖောက်မှုနဲ့ တရားစွဲရကောင်းမလား..စဉ်းစားနေတယ်။” ထိုစဉ်…ဈေးခြင်းတောင်းကြီးကို လက်မှာချိတ်ရင်း ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်လာသော ဂျီးဒေါ်ကို သူတို့အားလုံး တွေ့ လိုက်ရလေသည်..။ဂျီးဒေါ်ကား မျက်စိမျက်နှာမကောင်း..။သူ့လက်ထဲက ဈေးခြင်းတောင်းတွင်လည်း ပါနေကျ ကန်စွန်းရွက်စည်းလေးတောင် မတွေ့ရ..။ “ဂျီးဒေါ်..ဂျီးဒေါ်..ဂျီးဒေါ်” ကျော်ဟုန်းက အနားကပ်ခေါ်သော်လည်း..ဂျီးဒေါ်ကား..ခေါ်မကြား..အော်မကြား..။ ဂျီးဒေါ်နောက်နားတွင် လမ်းလျှောက်လာသော တူတော်မောင်သာဂိက.. “ကလေးတို့ မင်းတို့ ဂျီးဒေါ်ကို အထင်မလွဲကြပါနဲ့..။သူက သွေးကြီးလို့ ပြန်မထူးတာ မဟုတ်ပါဘူးကွယ်..။ရွေးကောက်ပွဲမဲဆွယ်ပွဲတွေက ဆောင်းဘောက်စ်တွေ လောက်စပီကာတွေ မတရားဖွင့်လို့ သူ့ခမျာ နားလေး သွားရှာတာပါ” “ဘာ..သာဂိ..။ဘာပြောတယ်..။နင်တို့က..ပြောင်းလည်းချိန်တန်ပြီ..ပြောင်းလည်းချိန်တန်ပြီ..ဆို..။အခုလောလောဆည်တော့…ပြောင်းလည်းချိန်မရောက်ခင်..ကုန်ဈေးနှုန်းတွေ ပြောင်းလည်းကုန်ပြီသိလား..။တာဝတိံသာ ရောက်ကုန်ပြီ..။အခု..ငါဝယ်နေကျ ကန်စွန်းရွက်တောင်..မ၀ယ်နိုင်ခဲ့ဘူး..။စိတ်နာတယ်..။ဒါကြောင့် နင်တို့ ရွေးကောက်ပွဲလဲ စိတ်မ၀င်စားဘူး..။မဲလဲ သွားမထည့်ဘူး..။” ဂျီးဒေါ်ကား..အတော်နားလေးသွားရှာလေပြီ..။သူများပြောတာက တခြား..။သူကြားတာက တလွဲ..။ပြောချင်ရာ ပြောကာ..ဒေါပွနေလေသည်..။ သာဂိ။ ။ဂျီးဒေါ်ရယ်…မဲမထည့်ပဲတော့ မနေပါနဲ့..။နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးမှာစိုးလို့ပါ..။ ဂျီးဒေါ်။ ။ယုန်သားစားချင်တယ်..ဟုတ်လား။.ကန်စွန်းရွက်တောင်မ၀ယ်နိုင်တာ..။နောက်ပြီး.နင့်ယုန်က.. ဘယ်က..ရမှာလဲဟဲ့..။ယုန်တွေနေဖို့..တောစပ်မပြောနဲ့ ခြုံဖုတ်လေးတောင် မရှိတော့ဘူး..။ သိရဲ့လား..။တရုတ်ပြည်ကို အကုန်ရောင်းပစ်လိုက်တာ..နင့်အဘအစိမ်းသရဲတွေက” သာဂိ။ ။အင်း..ဒါ့ကြောင့်..ဟိုကိုယ်တော်ကြီးတွေ ယုန်ထောင်ကြောင်မိသွားရရှာတာကိုး..ဟဲ..ဟဲ..ဟဲ” သာဂိနှင့် ဂျီးဒေါ်အချီအချပြောနေစဉ်…မိုးမခပင်အောက်မှ ကလေးများကား..ခုရက်ပိုင်းအတွင်း.သူတို့နားရည်ဝ နေသော သီချင်းများကိုအော်ဟစ်သီဆိုနေကြလေသည်..။ခင်လွန်း၊မင်းညွန့်လှိုင်တို့ကား.. ကာရံနဘေအသံနေအသံထားဖြင့် ဆိုရမည်ဆိုလျှင်..နံပါတ်ဝမ်းပင်တည်း..။ “မေမေ.နိုင်မှဖြစ်မယ်..မေမေနိုင်မှဖြစ်မှာပါ…” “ဖွါးဖွါးအတွက်..မဲပေးပါ…ဖွါးဖွါးအတွက် မဲပေးပါ” ထိုစဉ်..မိုးမခရွာသားလေး..မောင်မောင်ဘောပင်တယောက် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးရင်း..တုန်တုန်ရီရီ ရောက်လာလေသည်..။နောက်ကို လှည့်ကြည့်ရင်း ချက်ခြင်းစကားမပြောနိုင် …။ပြူးနေသော မျက်လုံးကားပိုမိုပြူးကျယ်ကာ..ပြောင်နေသော နဖူးပေါ်တွင် ချွေးသီးချွေးပေါက်တို့က တလက်လက်..။ မောင်ရစ်က…အနီးရှိအင်ဖက်တရွက်ကို ကောက်ကာ..ယပ်ခတ်ပေးရင်း စပ်စုသည်..။ မောင်မောင်ဘောပင်ကား..မနဲအားယူကာ.. “..သ..သ..သ..သရဲတွေ..သရဲတွေ..” ကလေးများအားလုံး…သရဲဆိုသည်နှင့် သရဲအရှင်လတ်လတ်မြင်ခဲ့သူ..မောင်မောင်ဘောပင်အနီးသိုး ပြေးကပ်ကာ..တယောက်တပေါက် စိတ်ဝင်တစား မေးကြလေသည်..။ “နက်ဖန်ရွေးကောက်ပွဲမှာ မဲထည့်ဖို့တဲ့ ..။သင်္ချိုင်းကုန်းထဲက ထလာကြတာ..” “ဟင်..သရဲတွေကလည်း..မဲပေးရတယ်လား” “သူတို့ သေပြီးသားလူတွေလဲ မဲစာရင်းထဲပါတယ်တဲ့..” ကလေးများ အချီအချပြောသံကို နားထောင်ရင်း.သာဂိက..ဂျီးတော်ကြားအောင် အသံကုန်အော် ပြောလိုက်သည်..။ “ကဲ..ဂျီးဒေါ်..။အဲဒါသာကြည့် နက်ဖန်ကျင်းပမဲ့ မိုးမခရွာလုံးကျွတ်ရွေးကောက်ပွဲကြီးမှာ..ရွေးကောက်ပွဲကျင်းပပေးမဲ့ ရွာလူကြီးတွေ..နဲ့ရွေးကောက်ပွဲကော်မရှင်လူကြီးတွေ ညစ်ပတ်ချက်ကတော့..ကမ်းကုန်ရောဗျာ..။ဒါတခုပဲ ရှိသေးတယ်..။ညစ်တာတွေကတော့ မျိုးစုံဗျ..ပြောမကုန်ပါဘူးဗျာ” “အေး..အဲဒီလို ညစ်ပတ်မှန်းသိလို့..နင်တို့ တရွရွလုပ်နေတဲ့ ရွေးကောက်ပွဲကြီးကို ငါအယုံအကြည်မရှိတာ။ အဲဒါကြောင့် မဲမထည့်တာ။ဒါပေမဲ့..ဒင်းတို့ ဘယ်လောက်ညစ်ညစ်…အရှုံးအနိုင်ကတော့ သိသာနေပါပြီ..။ တရွာလုံး က အနီရောင်တွေ လွှမ်းနေတာ…ကလေးသိခွေးသိ” သာဂိ။ ။“အဲဒါကြောင့် ဂျီးဒေါ်ကို ပြောတာပေါ့..ဗျ..။ဂျီးဒေါ် တို့ ကျနော်တို့ ခုလို ကန်စွန်းရွက်ရေ လုံပြုတ်တောင်နပ်မမှန်တဲ့ ဘ၀မှာ နေချင်သေးလား” နားလေးနေရှာသော ဂျီးဒေါ်ကား ကြားဟန်မတူ..။နားထောင်နေသော ကလေးများက ရောင်းသူဝယ်သူအသံတူစွာ..သံကုန်ဟစ်ကာ ဖြေလေသည်..။ “နေချင်ဘူး” သာဂိက နားလေးနေသော ဂျီးဒေါ်ကြားအောင် အသံကိုထပ်မြှင့်ကာ .. “ထမင်းတနပ်လျှော့စားခိုင်း..ဖယောင်းတိုင်ထွန်းနေခိုင်း..ဆိုက်ကားနင်းစားခိုင်း .တနေ့၂၀၀၀နဲ့လောက်အောင်သုံးခိုင်းတဲ့သူတွေ..နယ်လှဲ့ပါးရိုက်တဲ့သူတွေ အုပ်ချုပ်တဲ့ ဘ၀မှာ ဆက်နေချင်သေးလား” ကလေးများ ။ ။ နေချင်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သာဂိကား နားလေးနေသော ဂျီးဒေါ်ကို တရားဟောရသည်ထက်…သွက်လက်ထက်မြက်သော မိုးမခရွာသားကလေးများနှင့်ပိုပြီး..အတိုင်အဖောက်ညီကာ..လက်ရှိမိုးမခရွာထောင်စုအာဏာရ..အစိမ်းသရဲပါတီကြောင့်..ရွာသူရွာသားများဧ။် ပညာရေး၊ကျန်းမာရေး..။ရွာတွင်းငြိမ်းချမ်းရေး အစစချွတ်ခြုံကျနေရကြောင်း ..။ထိုသို့..ညံ့ဖျင်း၊ညစ်ပတ်..လွန်းသော အစိမ်းသရဲပါတီကို ရွေးကောက်ပွဲနည်းလမ်းဖြင့် ဖြုတ်ချရန်..အနီရောင်အင်အားစုမှ ကြိုးပမ်းနေကြောင်း..။အိမ်က မိဘဘိုးဘွားအကိုအမတွေကို နက်ဖန်ရွေးကောက်ပွဲမှာ အနီရောင်အင်အားစု..အနီရောင်ပါတီကို မဲသွားပေးဖို့ သတိပေးကြဖို့ လေရှည်နေလေသည်..။ သာဂိ။ ။“အဲဒီတော့..မင်းတို့မိုးမခရွာသားကလေးငယ်တွေရဲ့  အနာဂတ်ကောင်းဖို့..ခေတ်ဟောင်းစနစ်ဟောင်း ကနေ..ခေတ်သစ်စနစ်သစ်ကို ပြောင်းဖို့လိုနေပြီ..ကွ..။ပြောင်းလည်းချိန်တန်ပြီ..” မိုးမခရွာသားကလေးငယ်များကား..ခေသူမဟုတ်..။လောလောလတ်လတ် ကြုံတွေ့ ထားသော မဲဆွယ်စည်းရုံးပွဲကြီးများမှ ကြားထားသည့်အတိုင်း..အားမန်ပါပါ ကြွေးကြော်လိုက်ကြသည်..။ “ ပြောင်းလည်းချိန်တန်ပြီ..” “စနစ်ပြောင်းဖို့..အနီရောင်ကိုမဲပေးစို့” နားလေးနေသော ဂျီးဒေါ်ကား..ကြားတချက်..မကြားတချက်ဖြင့်..ပြောချင်ရာပြောရင်း..ဈေးခြင်းတောင်းကြီးကို ဆွဲကာ..ထွက်ခွါသွားလေသည်..။ “ပြောင်းလည်းချိန်တော့ တန်တာ အမှန်ပဲ..။ခုမှမဟုတ်ဘူး..။လွန်ခဲ့တဲ့ အနှစ်(၅၀)လောက်ကတည်းက. ...။ခုလည်း..တကယ်ပြောင်းမပြောင်းတော့ စောင့်ကြည့်ရဦးမယ်ဟေ့” သာဂိကလည်း.. “နက်ဖန်ရွေးကောက်ပွဲကို ဦးဦးတို့တွေ တရားမျှတမှု ရှိမရှိ..စောင့်ကြည့်ရမှာကွ..။ကလေးတို့လဲ တတ်နိုင်သမျှကူကြနော်”လို့ ပြောရင်း ကလေးများကို နှုတ်ဆက်ထွက်ခွါလေသည်.။ မိုးမခပင်ကြီးအောက်တွင်ကား..မိုးမခရွာသားလေးများက အော်ဟစ်သီဆိုကခုန်ရင်း ကျန်ရစ်လေသည်..။ “ ခြင်္သေ့ကို ..မောင်းထုတ်စို့..ခြင်္သေ့ကို တောထုတ်စို့..” “မဲညစ်ကြီးလဲ…မောင်းထု.မှာ..။မဲသူခိုးကြီးများလဲ...တောထုတ်မှာ...”

No comments:

Post a Comment