Wednesday, December 23, 2015

အမျိုးများ ရင်ကြားစေ့ရေးအတွက် မိုးမခရွာ သမတမှူးချုပ်ကြီး

မိုးမခ မကြာသေးမီက ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့လေသော…မိုးမခရွာလုံးကျွတ်ရွေးကောက်ပွဲကြီးတွင် ရွာသူရွာသားအများ တောပြုန်းတောင်ပြို မဲပေးလိုက်ကြသဖြင့် ဒီမိုမယ်တော်ကြီး ၏ “ဒီလေဒီ” ပါတီ အနိုင်ရပြီးကတည်းက မိုးမခရွာသားများအကြား စိတ်အ၀င်စားဆုံးအကြောင်းချင်းရာကား ရွာဂံတော်သမတ ဘယ်သူဖြစ်မလဲ..ဆိုသည့်အကြောင်းချင်းရာပင်တည်း။ တကယ်တော့ ရွေးကောက်ပွဲဖြင့် ပြည်သူက အနိုင်ပေးလိုက်သော ပါတီခေါင်းဆောင်သည် နိုင်ငံအုပ်ချုပ်ရေး၏ အမြင့်ဆုံးသမတရာထူးကို ထမ်းဆောင်ရမည် ဖြစ်သော်လည်း မိုးမခရွာထောင်စု၏ ပြည်သူ ၁၁၀% က ထောက်ခံ ရေးဆွဲခဲ့သည်ဆိုသော မုန်တိုင်းကြားမှာဖူးပွင့်ခဲ့သော၊ မထော်မနန်း ဒလမန်းကြမ်း နာဂစ် အခြေခံဥပဒေကြီးဖြင့် အထူးစပယ်ရှယ် သီးသန့်ပြဌာန်းထားသော ဥပဒေအရ အနိုင်ရ ဒီလေဒီ ပါတီဥက္ကဌ ဒီမိုမယ်တော်ကြီးမှာ သမတလုပ်ခွင့်မရချေ။ သည်တော့ မိုးမခရွာထောင်စု သမတ မည်သူဖြစ်လာမည်နည်းဆိုတာက ရွာသားများသာမက ရွာ့ပြင်က ငါ့ရှင်များကပါ သိလိုနေကြသည်။ ရွာဂံတော်သမတကိစ္စသည် ဘကြီးစွမ်းတို့ လူကြီးဝိုင်းမှာရော ၊ သာဂိတို့ကာလသားဝိုင်းမှာပါမက အပျိုခေါင်းဆောင် ဒေါ်မာအေးတို့ အမျိုးသမီးအဖွဲ့မှာပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာဖြစ်နေသည်။ “မာအေးတော့ ရွာလုံးကျွတ်ရွေးကောက်ပွဲမှာ တရွာလုံးပုံအောမဲထည့်ကြလို့ တောပြုန်း တောင်ပြို အနိုင်ရထားတဲ့ ပါတီက ဒီမိုမယ်တော်ကြီးကိုပဲ အမျိုးသမီး သမတ မှူးချုပ် မကြီး ဖြစ်စေချင်တာပဲ ...” မထော်မနန်း ဒလမန်းကြမ်း နာဂစ်ဥပဒေကြီး ရှိနေသရွေ သမတမကလို့ သမတဘိုးအေ ဖြစ်နေပါစေ၊ ဘာမှ လုပ်မရမည့် ရုပ်သေးအစိုးရ ဖြစ်နေမည်ဟု ယုံကြည်နေသည့် မိုးမခရွာသားတချို့ ကတော့.. “… ဒီမိုမယ်တော်ကြီးကို သမတမဖြစ်အောင် ဆွဲထားတဲ့ဥပဒေကြီးက ရှိနေတယ်လေ” မယ်မယ်ဒီ ကို မထိနဲ့ မီးပွင့်သွားမယ် ဟု သူခိုးပြေးကာနီးတွင် ထိုးကွင်း ထနေကြသော ဒီလေဒီ ခါတော်မီအသစ်စက်စက် အုပ်စုက “အို ... မယ်မယ်ဒီက ဖောက်ထွက်အတွေး အမြဲရှိတယ်။ မတရားဥပဒေကိုလည်း ဖောက်ထွက်နိုင်တယ်။ ဘယ်သူတွေကပဲ ဒီမိုကလက်တစ် မဆန်ဘူးပြောပြော။ မယ်မယ်ဒီကတော့ သမတအထက်မှာလဲ နေမယ်။ သမတ ဘေးမှာလည်း နေမယ်။ သမတက သူ့အမိန့်မနာခံရင် မဟုတ်တာ လုပ်ရင် - ထိပ်ထုသင့် ထုမယ်။ ပေါင်တွင်းကြော လိမ်ဆွဲသင့် ဆွဲမယ့်သဘောပဲ။ သမတကို သူကိုယ်တိုင် ကြိုးကိုင် စီမံအုပ်ချုပ်မှာတဲ့။ ကဲ... ဘာပြောချင်ကြသေးလဲ” ဘကြီးစွမ်းတို့လို သက်ကြီးပိုင်း မိုးမခရွာ့နာယကကြီးများကတော့ ရင်တမမ၊ သက်ပြင်းတချချ။ သွားလေသူ နာယကကြီး ဖိုးဟံသာကိုလဲ သတိရနေကြသည်။ အန္တရာယ်များသော လမ်းကြမ်းပေါ်မှ သူတို့လေးစားသော ဒီမိုမယ်တော်ကြီး၏ ကြိုးတန်းပေါ် လမ်းလျှောက်နေရပုံကို ဖိုးဟံသာ ဘယ်လို မှတ်ချက်ပြုမည်ကိုလည်း တွေးနေမိကြသည်။ မတော်တဆ ... အစဉ်တစိုက် လျှောက်လှမ်းခဲ့ရာလမ်းမှ လူပေါင်းမှားကာ လမ်းချော်သွားမှာကိုလည်း စိုးရိမ်နေကြလေသည်။ ရွာသူရွာသားတွေ အော့နှလုံးနာခဲ့ကြသော ရွာလူကြီးဟောင်း အာဏာရှင်တဖြစ်လဲတွေထဲက တယောက်ယောက်ကိုများ “အမျိုးများ ရင်ကြားစေ့ရေးမူ” အရ ရွာဂံတော်သမတ ခန့်လိုက်လေမလားရယ်လို့လဲ စိတ်မသက်မသာ၊ တွေးပူသူက ပူနေကြသည်။ “ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ လမ်းမချော်လောက်ဘူးလို့ တို့ယုံကြည်တာပဲလေ။ ဒါပေမယ့် သူ အခုလျှောက်နေတဲ့ လမ်းမျိုးလဲ တို့လိုက်မလျှောက်နိုင်တော့ ထုံးစံအတိုင်း အဝေးက မေတ္တာပို့ တတ်နိုင်သမျှ ၀န်းရံကြရုံပေါ့ကွာ..” ထိုကဲ့သို့ တရွာလုံး ရွာဂံတော်သမတအရေးဖြင့် လှုပ်လှုပ်ရွရွဖြစ်နေစဉ်၊ ရွာဦးစေတီအနီးမှ နက္ခတ္တ ဗေဒပညာရှင် အကြားအမြင်ဆရာမကြီး စန္ဒြဂျော်ဒီးကလည်း သူ့ဓါတ်ခန်းအတွင်းဝယ် ပွဲကြီးပွဲငယ်အ သွယ်သွယ်ပြင်ဆင်၊ ဓါတ်စီးကာ ရွာဂံတော်သမတ ဘယ်သူဖြစ်မည်ကို ဟောကိန်းထုတ်မည်ဆိုသဖြင့် တရွာလုံး အုံးအုံးကြွက်ကြွက် လာရောက်စောင့်စားနေကြသည်။ “အဟမ်း … နက္ခတ်တာရာတွေအလိုအရ ၂၀၁၅ ဒီဇင်ဘာလကုန်ရင်၊ ၂၀၁၆ ဇန်န၀ါရီလကို မြေကြီးလက်ခတ်မလွဲ ရောက်ကို ရောက်ရမယ်” “ဟာ... ဟောကိန်းက သွေးထွက်အောင် မှန်ပါလား။ ဒါကြောင့် စန္ဒြဂျော်ဒီး... စန္ဒြဂျော်ဒီး နဲ့ ကျော်ကြားပေတာကိုး” စန္ဒြဂျော်ဒီးက မျက်စိကိုစုံမှိတ်ကာ… အထူးအာရုံပြုပြီး - “နက္ခတ် အသွားအလာအရ၊ ဒီမိုမယ်တော်ကြီးပဲ သမတအထက်က သမတချုပ်မှူးကြီး ဖြစ်မှာ မလွဲ ဧကန်ပဲ သမတ ဘယ်သူ့ ခန့်မယ်လဲ ဆိုတာတော့ ... အင်း - မားစ်ဂြိုလ်နဲ့ အရံဂြိုလ်နက္ခတ်တွေရဲ့ အလိုအရ မယ်မယ်ဒီ မှပဲ သိမယ်” ဟု အတည်ပေါက်ကြီး ဟောကိန်းထုတ်လိုက်ရာ မိုးမခရွာကာလသား သာဂိတို့ အုပ်စုမှာ ဟင်ခနဲ... ဟာခနဲ ... ဖြစ်ကြရှာလေသည်။ လူကြီးများ မိုးမခရွာထောင်စုသမတအရေး တပွပွတရွရွဖြစ်နေလေတော့ မိုးမခကလေးများ၏ ဆော့ကစားနည်းကလည်း ရွာထောင်စု သမတလုပ်တမ်း ဖြစ်ရသည်မှာ မဆန်းပေ။ မိုးမခရွာသားကလေးများကား တခြားရွာသားကလေးများထက် နှာတဖျားမက ဆယ်လံ လောက်သာကြပေရာ၊ ကိုယ်နဲ့ ကိုက်ညီရာ ဇာတ်ရုပ်ကို ကိုယ့်ဖာသာ အလုအယက် ယူကြလေသည်။ ဟေမန်သဇင်က သူ့ထက်ငါ ဦးအောင် အော်လိုက်သည်။ “ငါက အိမ်မှာ ဗိုလ်ချုပ်မကြီး လုပ်နေကြမို့ စစ်ရေးအမြင်ရှိတယ်။ ဒီတော့ ငါ... မယ်မယ်ဒီ လုပ်မယ်။ သမတချုပ်မကြီး လုပ်မယ်” အမြဲ ဆရာကျတတ်သော မောင်ရစ်က သမတလုပ်တမ်းတွင် “သမတကျမ်းသစ္စာကျိန်ဆိုပွဲ ” လုပ်တမ်း ထည့်ကစားမည်ဟု ခပ်တည်တည် မိန့်ဆိုလိုက်သည်။ သူ့မှာ အကြံရှိသည်ကိုး။ တကယ်တော့ မယ်မယ်ဒီ့ပါတီ တောင်ပြို ၊ တောပြုံး ၀ိုင်းဒိုင်းခတ် အနိုင်ရခြင်းကို ပြန်လည်သုံးသပ်လျှင်၊ ကာတွန်းဆရာများ၏ အစဉ်အဆက် ကြိုးပမ်းမှုများကို ချန်ထားခဲ့၍ မဖြစ်။ လုံးဝ မဖြစ်။ ဒီတော့ မိုးမခရွာထောင်စု သမတကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ကာတွန်းဆရာတွေရဲ့  သမိုင်းရော အင်းစိန်ပါ ၀င်နိုင်စွမ်းရှိသော ကာတွန်းလက်စွမ်းပြပွဲများ ထည့်သင့်သည်ဟု သူက တွေးထားသည်။ သူ့ အကြံကိုချပြလိုက်သောအခါ စောငို၊ ကူမိုးကြိုး၊ ဘိရုမာ၊ မောင်မောင်ဘောပင် အစရှိသော ကာတွန်း ၀ါသနာအိုးလေးများက ကာတွန်းလက်စွမ်းပြခွင့်ရတော့မည်ဟု တွေးကာ အူယားဖားယား ထောက်ခံလေသည်။ သို့သော် ကဗျာရွတ်ဆိုရသည် သဘောကျသော - ခင်လွန်း၊ ကျော်ဟုန်း၊ ဆောင်းလူ၊ ရန်လင်းအောင်၊ မင်းညွန့်လှိုင် တို့အုပ်စုက တစခန်း ထသည်။ လူသေးသလောက် အကြံကြီးသော မင်းညွန့်လှိုင်က ကြီးကြီးကျယ်ကျယ် ဆော်သြသည်..။ “ အမေလိကန်မှာ ဆိုရင်ဗျာ ... သမတကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာ ကဗျာဆရာကြီးတွေက ကဗျာရွတ်ကြတယ်ဗျ။ အဲဒီတော့ မိုးမခရွာထောင်စု သမတကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်း မိုးမခရွာထောင်စု ကဗျာဆရာကြီး တယောက်လောက်တော့ ကဗျာရွတ်သင့်တာပေါ့ဗျာ။ ဥပမာ - မယ်မယ်ဒီကို တလျှောက်လုံး ထောက်ခံလာလို့ ကဗျာရေးခွင့်ပိတ်ခံရ၊ ရွာပြေးအဝေးရောက်သူပုန်ဘွဲ့ရ ကဗျာစာဆိုဘဘကြီးတွေကို ဘကြီးမှိုင်းရဲ့ လေးချိုးတွေရွတ်ခိုင်းဗျာ။ ဘယ်လောက် ကျက်သရေရှိမလဲ။ မယ်မယ်ဒီက အမေလိကန်တွေနဲ့လဲအဆင်ပြေနေတော့ အမေလိကန်စတိုင်ဆို သဘောကျမှာဗျ။ ဒီလို အတွေးတွေကို လူကြီးတွေ သတိမရမှာစိုးလို့ ကျနော်တို့ ကလေးတွေက ဆော့ပြခြင်းနဲ့ ဦးဆောင် အကြံပေးသင့်တယ်။” “ဟုတ်တယ်..။ဟုတ်တယ်..” ကဗျာကြိုက် ကလေးအုပ်စုက သူ့ထက်ငါ အော်ဟစ် ထောက်ခံလေသည်။ ကာတွန်းကြိုက်အုပ်စုက မကျေနပ်။ နေရာတကာ အမေလိကန်အတု ခိုးလွန်းသည်ဆိုတာ ကောင်းတယ်ထင်လို့လားဟု အထွန့်တက်လေသည်။ ဤတွင် သူတို့ကလေးအုပ်စုထဲမှ အငယ်ဆုံး ချမ်းမြက ဂျီကျသည်။ သူလဲ ကဗျာရွတ်ချင်သည်ဟု ဆိုလာ သည်။ သို့သော် အောင်ဝေးမှ “ မင်းက နဲနဲ ငယ်သေးတယ်ကွာ။ ဘကြီးမှိုင်းရဲ့  လေးချိုးတွေက ရှည်တယ်ကွ။ ဘကြီးမှိုင်းလေးချိုး ရွတ်ဖို့ဆို ငါ့ တာဝန်ထားလိုက်ပါကွာ။ မင်းတို့ ငြိမ်းချမ်းအေးတို့ ကလေးတွေက သမတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မပါမဖြစ်တဲ့ တပ်မတော်သားအစုအဖွဲ့ လုပ်ကွာ။ ခု လက်ရှိခြေဥအရဆို မင်းတို့ကို တမတ်တန်းမှာ ဇိမ်နဲ့ နေခိုင်းမှာကွ” ဟု နှစ်သိမ့်သည်။ “ဟာဗျာ ။ ရွံစရာ ... တမတ်တန်ကောင်တွေတော့ လုပ်ချင်ဘူးဂျာ။ လူကြီးတွေ ပြောနေတာတော့ မယ်မယ်ဒီ အခုလိုအနိုင်ရတာ မီဒီယာသမားတွေ ဂျာနယ်လစ်တွေ တာဝန်ကျေလို့တဲ့ ဗျ။ ကျနော်တို့က မီဒီယာသမား ဂျာနယ်လစ် လုပ်မယ်ဗျာ။ ခင်ဗျားတို့ သမတကျမ်းသစ္စာကျိမ်ဆိုပွဲ သတင်းကို လာယူမယ်။ ကျနော်တို့ကို ပေါ့သေးသေးတော့ သဘောမထားနဲ့ဗျ။ ခင်ဂျားဂျီး ... လေးချိုးရွတ်တာ ထစ်ထစ်ငေါ့ငေါ့ဖြစ်ရင် မညှာဘူးသာ မှတ်” သူတို့အား တမတ်တန်းတွင် ချောင်ထိုးဖို့ကြံသည်ကို လုံးဝမကျေနပ်သော ငြိမ်းချမ်းအေးက…မငြိမ်းချမ်းသောတေးဖြင့် ခွန်းတုံ့ပြန်လေသည်။ ဇာနည်ဝင်းကတော့ သူ့ထုံးစံအတိုင်း တိတ်တိတ်ဆိတ်ဆိတ်နှင့် တွေးနေသည်။ ဂျာနယ်လစ်အုပ်စုထဲ ပါရကောင်းမလား။ ရန်နောင်တို့ အုပ်စုထဲ ပါရကောင်းမလား။ မဝေခွဲနိုင်ပဲ ဒွိဟ ဖြစ်နေသည်။ ခုနကလေးတင် ရန်နောင်က တိုးတိုးလေး ပြောထားသည်..။ သူတို့က သမတကျမ်းသစ္စာ ကျိမ်ဆိုပွဲတွင် သူတို့အားသန်ရာ အနုပညာရှင်မော်ဒယ်သရုပ်ဆောင်များအဖြစ် တင်ဆက်ဖျော်ဖြေတမ်းကစားမည် ... တဲ့။ ထို့ကြောင့် ဇာနည်ဝင်းကို ဇာဇာတို့ မော်ဒယ်အဖွဲ့တွင် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားသည်။ ထိုစဉ် သမတချုပ်မှူးမကြီးလုပ်မည့် ဟေမန်သဇင်က တချက်လွှတ် အမိန့်ချသည်။ “ကာတွန်းပြပွဲတွေ ဘာတွေ လုပ်စရာ မလိုဘူး။ ကဗျာရွတ်ပွဲတွေ ဘာတွေလဲ မလုပ်နဲ့” သမတချုပ်မှူးမကြီး ဟေမန်သဇင်၏ သြဇာမာလကာ ပြည့်ဝသောလေသံကြောင့် အင်မတန်ဆရာကျလိုသော မောင်ရစ်ပင် အတန်ငယ်ငြိမ်သက်သွားသည်။ သမတချုပ်မှူးမကြီးက.. “လက်ရှိပေါ်လစီက ... အမျိုးများ ရင်ကြားစေ့ရေး ပေါ်လစီ။ ဒီတော့ ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေက အမြဲတမ်းသူပုန်စိတ် ထာဝရ အတိုက်အခံစိတ်ရှိတယ်။ ဒီလို လူတွေက ခုကျင့်သုံးမဲ့ အမျိုးများရင်ကြားစေ့ရေးနဲ့ မကိုက်ညီဘူး။ အမျိုးများနဲ့ ရင်ကြားစေ့ဖို့ဆို သူတို့အကြိုက်လိုက်ရမယ် ။ သူတို့ကို ကဗျာရွတ်ပြနေရင် ဘတ်ဖဲလို နား တိန်တောင်၊တိန်တောင် လုပ်သလို ဖြစ်နေမယ်။ ဒီတော့ သူတို့နဲ့ အဆင်ပြေ လိုက်လျောညီထွေမယ့် သရုပ်ဆောင်အဆိုတော်၊ မော်ဒယ်တွေနဲ့ပဲ သမတကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမယ်။ ဒါပဲ။ ဘာပြောစရာရှိသေးလဲ။ ရှိရင် နောက်မှပြောကြ။ အောင့်ထားကြ။ မျိုထားကြ။ သိတယ်နော်။ အခုအချိန်က အမျိုးများ ရင်ကြားစေ့ရေးက အဓိက” ပြောပြောဆိုဆို သမတချုပ်မှူးမကြီးက အနီးတွင် အဆင်သင့်တွေ့ သော အ၀တ်စတစကို ပုဝါပုံသဏ္ဍန်ခြုံလွှမ်း၍ ဆင်မမြောက်ကြွဟန်ဖြင့် လမ်းလျှောက်ပြလိုက်ရာ၊ ကျန်သော မိုးမခကလေးများမှာ မျက်စိသူငယ် နားသူငယ်နှင့် ရောယောင် လက်ခုပ်တီး မိကြလေသတည်း ။ ။

No comments:

Post a Comment